မိုင်တိုင် ၂၆ မှာ ခြောက်တဲ့ သားအမိ သရဲ

ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။ တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြန်မာနိုင်ငံထဲကို တရားမဝင်တဲ့ နည်းလမ်းနဲ့ စီးကြတာပေါ့ဗျာ…၊ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ လားရှိုးမြို့ကနေ ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်တယ်..။ ဆိုင်ကယ် ကယ်ရီ မစီးဖူးရင် လားရှိုးသား မစစ်ဘူးလို့တောင် ဆိုရမလားပဲ..။ တစ်ချို့က ကျတော့ ငွေရဖို့အတွက်စီးတယ်..။ တစ်ချို့က သူငယ်ချင်းအပေါင်းအပေါ်နဲ့ အပျော်အဖြစ် စီးကြတယ်..။ ကျွန်တော် တစ်ခါက တရုတ်ပြည်နယ်စပ်ကို လိုက်လည်ချင်တာနဲ့ပဲ ဆိုင်ကယ် ကယ်ရီ စီးဖြစ်ခဲ့တယ်..။

မနက် ၈း၀၀ နာရီလောက် သူငယ်ချင်း ၈ ယောက် ဗင်ကားတစ်စီးထဲမှာ လူကြပ်ညပ်သပ်စွာစီးပြီး မူဆယ်ကို ဆင်းခဲ့တယ်..။ ပြီးတော့ နယ်စပ်ဂိတ်မှာ ဝင်ခွင့်ကဒ်လုပ်ရတယ်..။ ဝင်နေကျလူတွေကတော့ လုပ်စရာမလိုပါဘူး..။ ကျွန်တော်က အခုမှ လိုက်လို့သာ လုပ်ရတာ..။ သိပ်မပေးရပါဘူး..။ မြန်မာငွေ တစ်ထောင့်ငါးရာလား နှစ်ထောင်လားပဲ..။ ပြီးတော့ တရုတ်နိုင်ငံရွှေလီထဲမှာ ရှိတဲ့ ဆိုင်ကယ် ကုမ္ပဏီမှာ သယ်မယ့် ဆိုင်ကယ်တွေယူပြီး သူငယ်ချင်းတွေ ဟိုတယ်မှာ အိပ်ကြတယ်..။ သူငယ်ချင်း ရှစ်ယောက်လုံး တစ်ခန်းထဲယူတယ်.. ခုတင်ဆက်ပြီး အိပ်ကြတာ..။ တရုတ် ဟိုတယ်တွေက လည်တယ်..။ ဘယ်နှစ်ယောက် အိပ်အိပ် တစ်ခန်းဈေးပဲ ယူတယ်..။ တစ်ယောက်ချင်းဆီ တွက်ကြည့်လိုက်ရင် သိပ်မကျဘူး..။ နှစ်ထောင်လားပဲ..။ အဲ့ဒီတော့ တစ်ညလုံး ဟိုလည် ဒီလည်နဲ့ ဝယ်ချင်တာတွေ ဝယ်ပြီး ညနက်မှ ဟိုတယ်ပြန်အိပ် မနက်စောစော ၅း၀၀ နာရီလောက် ထပြီး လားရှိုးကို ဆိုင်ကယ် တစ်ယောက် တစ်စီး စီးပြီးတော့ ပြန်ကြတယ်..။




အတိုချုံး ပြောရရင် ဟိုကွေ့ ဒီကျော် ဟိုပေးဒီပေးနဲ့ လားရှိုးကို ညနေ ၃း၀၀ နာရီလောက် ပြန်ဝင်လာတယ်..။ အမှန်ဆို ဒီလောက် မကြာဘူး..။ မိုးတွင်းဆိုတော့ ကွင်းလမ်းတွေက လမ်းချော်နေတာမို့လို့ ဒီလောက်ကြာသွားတာ… လားရှိုး ရောက်ပြီး ဆိုင်ကယ်အပ်မယ်ဆိုမှ ပြသနာတက်တယ်..။ ငွေထုတ်ပေးမယ့် ပိုင်ရှင်က မန်းလေးဆင်းသွားပြီတဲ့.. မန်းလေးကို လိုက်ခဲ့ပါတဲ့… မန်းလေးထိ စီးစရိတ်ပိုပေးပါ့မယ် ပြောတယ်…။ ကျွန်တော်က မလိုက်ချင်တော့ဘူး.. လူလည်း ပင်ပန်းနေပြီ.. ဒါပေမယ့် ကျွန်တော်မလိုက်ရင်လည်း ဒီဆိုင်ကယ်ကို ဘယ်သူက မောင်းသွားမှာလဲ…။ သူငယ်ချင်းတွေကလည်း ဆက်စီးပေးဖို့ ဝိုင်းပြောကြတယ်..။ ပြီးတော့ အဲ့ဒီအချိန်က မန်းလေးမှာ စွယ်တော် အပူဇော်ခံနေတဲ့အချိန်…. ဒါဆိုလည်း မန်းလေးကို စွယ်တော်ဖူးရင်း လိုက်သွားလိုက်အုံးမယ်လို့တွေးပြီး သူငယ်ချင်း ၈ ယောက် ည ၁၀း၀၀ နာရီလောက်မှာ မန်းလေး ဆက်ဆင်းကြတယ်…။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ…။




ဆိုင်ကယ် ကယ်ရီ စီးပုံက သမ္ဘာရင့် ဝါရင့် ဆရာကြီး နှစ်ယောက်ကို ရှေ့ပိတ်နဲ့ နောက်ပိတ်ထားပြီး စီးကြတယ်..။ ရှေ့က လမ်းရှင်း မရှင်း ကြည့်ပြီး နောက်ဆုံးက ဆိုင်ကယ် ပျက်တာတို့ ဘီးပေါက်တာတို့ကို လုပ်ပေးတယ်.. ကျွန်တော်တို့က အလယ်ကပေါ့..။ ကျွန်တော်ကတော့ နောက်ဆုံး ဆိုင်ကယ်နဲ့ ကပ်လျက်မှာ စီးတယ်..။




ဒီလိုနဲ့ စီးလာလိုက်တာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်လာလိုက်တာ ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး..။ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး ရှေ့မှာ ဆိုင်ကယ်မီးကလွဲလို့ ဘာမှ မမြင်ရဘူး..။ ဆိုင်ကယ်တွေကလည်း မောင်းလာတာ အရှိန်ရတာနဲ့ မြန်လာလိုက်တာ တစ်စီးနဲ့ တစ်စီး တော်တော်လေး ကွာလာကြတယ်..။ ကျွန်တော်က ဒီလမ်းကို အခုမှ စမောင်းဖူးတာ ဆိုတော့ သိပ်မစီးရဲ ဘူး.. ဖြေးဖြေးမြန်မြန်ပဲ နောက်ဆုံး ဘိတ်အစီးနဲ့ မကွာအောင် မောင်းနေလိုက်တယ်..။ ခဏကြာတော့ ကျွန်တော့် နောက်က နောက်ပိတ် ဆိုင်ကယ် ရပ်သွားတာကို နောက်ကြည့်မှန်ထဲကနေ မြင်လိုက်ရတယ်..။ ကျွန်တော် ချက်ချင်း နောက်လှည့်ပြီး သူ့ဆီကို သွားလိုက်တယ်.. တစ်လမ်းလုံး မှောင်မဲ နေပြီး ကျွန်တော်တို့ နှစ်စီးထဲ … မှတ်မှတ်ရရ အချိန်က ည ၁း၁၅ မိနစ် တိတိ…။




"ဟရောင်…၊ ဘာဖြစ်တာလဲ…"




"မသိဘူးကွ…၊ ဆိုင်ကယ် ထိုးရပ်သွားလို့…."




"ဆီပြတ်တာလား.."




"မဟုတ်ဘူးကွာ.. ငါရှာကြည့်တာတော့ ဆိုင်ကယ်ဘာမှ မဖြစ်ဘူး.. ပလပ် လစ်သွားတာလား မသိဘူး..၊ ဒါဆိုရင်တော့ သွားပီ.. ဟိုကောင်တွေရော…"




"သွားတာ မှုန်နေတာပဲ… မြင်တောင်မမြင်တော့ဘူး…"




"ဒုက္ခပဲကွာ.. ဖုန်းလိုင်းက မရနဲ့… ဒီနေရာမှာမှ လာဖြစ်ရတယ်လို့…"




"အမ်.. ဒီနေရာက… ဘာဖြစ်လို့လဲ…"




"ဟာ… ဟိုမှာ မိုင်တိုင် ၂၆ ကြီး မင်းမမြင်ဘူးလား…"




"အောင်မလေးဗျ…."




ကျွန်တော် တစ်ကယ်ကိုလန့်သွားခဲ့သည်။ လမ်းဘေးမိုင်တိုင် အမှတ်က ၂၆ တဲ့..၊ ဘေးမှာက စေတီ တစ်ဆူတောင် ရှိသေး…၊ ပြင်ဦးလွင်က နာမည်ကြီး မိုင်တိုင်အမှတ် ၂၆ပေါ့..၊ တစ်လောက ရုပ်ရှင်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တော့တောင် ဝင်ပူးတယ်ဆိုပဲ…. ပြီးတော့ အဲ့ဒီ အမျိုးသမီးနဲ့ ကလေးက သူတို့ကိုသတ်ပြီး ပိုက်ဆံယူသွားတဲ့ ယောက်ျားလေး နှစ်ယောက်ကို အခုချိန်ထိ ဒီနေရာကနေ စောင့်နေတယ်လို့ကြားဖူးတယ်… တွေးရင်း ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးသီးတွေ အလိပ်လိုက် ထလာတယ်..။




"ဟရောင်… ငါကြောက်တယ်ကွာ… ငါတို့ ဘာလုပ်ကြမလဲ အခု…"




"ဘာလုပ်ရမလဲကွ.. ဆိုင်ကယ်ကို ဆွဲရမှာပေါ့..၊ မင်းနောက်ကနေစီး..၊ ငါရှေ့ကနေ ဆိုင်ကယ်နဲ့ဆွဲမယ်…"




"ဟာ… ငါနောက်ကနေ မစီးရဲဘူး…"




"ဒါဆိုမင်းရှေ့က ဆွဲတတ်လို့လား.."




"ဟာ.. ငါမှ မဆွဲဘူးတာ…"




"ဘာမှမဖြစ်ပါဘူးကွာ.. ဒီနေရာက နာမည်သာကြီးတာ.. ငါတို့ ဖြတ်သွားဖြတ်လာ လုပ်လာတာ နှစ်ချီနေပြီ.. တစ်ခါမှ အခြောက်မခံရဖူးဘူး… စိတ်ကိုသာ တစ်ခြားနေရာပို့ထား.."




ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့…. ဒီကောင်က ကြိုးနဲ့ သူ့ဆိုင်ကယ်ခေါင်းကို ကုန်းချီလိုက်သည်။ သူခါးကုန်းလိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ သားအမိ နှစ်ယောက်ကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရတယ်…။




"အား….၊ အောင်မလေးဗျ..… သရဲ…."




"ဟရောင်…ဘာဖြစ်နေတာလဲ….."




"မင်း .....မင်း.... နောက်မှာ…မင်းနောက်မှာ…."




ကျွန်တော့် သူငယ်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိတော့…




"ဟရောင်.. မင်း စိတ်ကို တစ်ခြားနေရာပို့ထား…၊ ဘာသရဲမှ မရှိဘူး..၊ မင်းစိတ်က မင်းကို ပြန်ခြောက်နေတာ.."




ဒီသားအမိကို ကျွန်တော် တွေ့လိုက်ရတာတော့ သေချာကျွန်တော်သိသည်။ ကျွန်တော်လည်း ဘာမှမတွေးတော့ပဲ သူ ဆိုင်ကယ် ခေါင်းကို ကြိုးချည်နေတာကို သေချာငုံ့ကြည့်နေလိုက်သည်။




"ကဲ..ပြီးပြီ…၊ မင်းဒီဆိုင်ကယ်ကို ခေါင်းထိန်းပြီး လိုက်ခဲ့ပေတော့..၊ ငါရှေ့ကနေ ဆွဲမယ်.." ပြောပြောဆိုဆို နဲ့ သူ ထပြီး ကျွန်တော့်ဖက်ကို လှည့်ကြည်လိုက်သည်။




"အောင်မလေးဗျ…." ကျွန်တော့်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ပြီး အသားကုန် ကုန်းအော်တော့တယ်..။




"ဟရောင်… ဘာဖြစ်တာလဲ… ငါ…ငါ့ကို လန့်အောင် မလုပ်နဲ့နော်…"




"အား…. မလာနဲ့…. ငါနား မလာနဲ့….. အမလေး…သရဲ….သရဲ…." ကျွန်တော့် သူငယ်ချင်း အော်ရင်းနဲ့ ဘောင်းဘီထဲက သေးတောင် ထွက်ကျလာသည်။




ကျွန်တော် နောက်လှည့်ကြည့်သည်။ ဘာမှမတွေ့..။ ဒါဆို ဒီကောင် ဘာကိုကြည့်ပြီး ကြောက်နေတာလဲ..။




"ဟရောင် ဘာဖြစ်တာလဲလို့…. မင်းပဲ သရဲ မခြောက်ဘူးဆို…ငါ့ကို မစနဲ့တော့…"




"မလာနဲ့…. မလာနဲ့….အမေရေ…. ဂစ်…ဂစ်…ဂစ်…." ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ရင်း တက်ပါ တက်သွားသည်။ ဟာ… ဒါဆိုရင်တော့ ဒီကောင် စတာ မဟုတ်တော့ဘူး.. ငါ့မျက်နှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..။ ကျွန်တော် ဆိုင်ကယ်ဘက်မှန်လေးကိုင်ပြီး ကျွန်တော့် မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရတာက…




ဖြူဖတ်ဖြူရော်နဲ့ နဖူးမှာသွေးတွေ ပေနေတဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ဦး မျက်နှာ….. သူ့မျက်နှာတွေကတော့ ဒဏ်ရာ ပလတွေနဲ့ ဒါပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးလို့…….။




နောက်နေ့ ကျွန်တော် သတိရလာတော့… ကားတစ်စင်းပေါ်မှာ…၊ လမ်းပေါ်မှာ လဲကျနေလို့ တွေ့တဲ့ ကားက ခေါ်တင်လာတာတဲ့..။ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ ပြန်ပြောပြတော့ ယုံတဲ့သူတွေ ရှိသလို မယုံတဲ့သူတွေ လည်းရှိသည်။ ကျွန်တော်နှင့် သူငယ်ချင်းကတော့ နောက်ခါ ဆိုင်ကယ် ကယ်ရီဆိုရင် အဖြေက တစ်သံတည်း ပဲ ထွက်လာတော့သည်။




"ဟင့်အင်း…."




Credit: ဖိုးသူတော်(www.phothutaw.com)


Credit: အောင်ထွန်းဦး

No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်