သိတဲ့ သူတွေလည်းရှိသလို မသိတဲ့ လူတွေလည်းရှိမှာပါ။
ဘာလဲဆိုတော့ နယ်ဘက်တွေမှာ အစိမ်းသေ သေတဲ့လူတွေဟာ ရွာထဲမှာ မဟုတ်ပဲ ရွာအပြင်မှာ သေတာဆိုရင် ရွာထဲပြန်ယူလာခွင့် မပြုကျပါဘူး။ဘယ်တုန်းကတည်းက… ဘာကြောင့် …ဘယ်သူက စခဲ့တဲ့ ဇာတ်လမ်းဆိုတဲ့ သမိုင်းကြောင်းတော့ စာရေးသူလည်း မသိပါ…ဒါပေမယ့် ရွာပြင်မှာသေတဲ့ အစိမ်းသေကို ရွာထဲ ပြန်ယူလာရင် ခိုက်တတ်တယ် ရွာနာတယ် လို့ အယူရှိကျတာတော့ နယ်ဘက်က လူတွေတော်တော် များများကြားဘူး ကျမယ်လို့ ထင်ပါတယ်…
ကျနော် ကိုယ့်တွေ့ကိစ္စတခုကတော့ တိုက်ဆိုင်မှုပဲ ပြောမလား ရှေးလူကြီးတွေရဲ့ အတိတ်နမိတ်တွေ နဲ့ပဲ ဆိုင်မလားပဲ…ရန်ကုန်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ…
ဖြစ်ပုံက ကျနော်တို့ နေတဲ့ လမ်းရဲ့ အနောက်ဖက်လမ်းက လူတစ်ယောက်သေတာကို အသုဘ ယာဉ်က လာသယ်ရင်း လမ်းထိပ်က အိမ်ရဲ့ ခြံထောင့် တနေရာကို အခေါင်းသယ်တဲ့ လူတွေက အခေါင်းနဲ့ မတော်တဆ ဝင်တိုက်မိခဲ့ပါတယ်။သူတို့ကလည်း
တောင်းပန်ကျပါတယ်။မတော်လို့ပါပေါ့။
တချို့လူကြီးတွေက နမိတ်မကောင်းဘူး လို့ပြောကျပါတယ်။သိပ်မကြာပါဘူး။အခေါင်းနဲ့ ဝင်တိုက်မိတဲ့ ခြံက ဦးလေးကြီးဟာ ဘာရောဂါမှ ထွေထွေထူးထူး မရှိပဲ သေသွားပါတယ်။ဒါဟာ တိုက်ဆိုင်မှုလား…ဒါမှ မဟုတ် ရှေးလူကြီးတွေရဲ့ စကားအတိုင်း ဖြစ်တာလား ဆိုတာကတော့ သေချာမသိပါ…အခေါင်းသယ်ရင် သတိအရမ်းထားရတယ် ဘာဆိုဘာနဲ့ မှ ဝင်မတိုက်မိအောင် ဂရုစိုက်ရတယ် ဆိုတာကိုတော့ ကြားဖူးကျမယ် ထင်ပါတယ်…
••••••••••••
နောက်ထပ် ထူးခြားတဲ့ အဖြစ်အပျက်တခု ရှိပါသေးတယ်…အဲဒါကတော့ ယခု လက်ရှိ စာရေးသူတို့ နေထိုင်နေတဲ့ ရန်ကုန်က အိမ်နား ပတ်ဝန်းကျင်မှာ ဖြစ်တဲ့ ကိစ္စပါ…စာရေးသူတို့ အိမ်နားမှာက စာရေးသူတို့နေတဲ့ လမ်းအပါအဝင် လမ်း ၄လမ်းရှိပါတယ်… ၄လမ်းလုံးက အဓိက ကျတဲ့လမ်းမမှာ လာစုံကျပါတယ်…စာရေးသူတို့ လမ်းနဲ့ နောက်တစ်လမ်းကတော့ လမ်းပိတ်တွေပါ…တခြား၂လမ်းကတော့ လေးထောင့် မကျတကျ ပတ်လည်သွားလို့ရပါတယ်…အခြားလမ်းတွေနဲ့လည်း ဆက်နေတယ် ဆိုပါတော့…စာရေးသူ အခုပြောချင်တယ် ဆိုတဲ့ ထူးခြားချက်ဆိုတာက စာရေးသူတို့နေတဲ့ အိမ်နားက အပေါ်က ပြောပြခဲ့တဲ့ လမ်းတွေမှာ လူတစ်ယောက်သေပြီဆို ၇ရက်မခြားပဲ နောက်ထပ် လူတစ်ယောက် သေ …အဲဒီနောက်လူသေပြီး ၇ရက်မခြား တခြားလူထပ်သေသလို ဖြစ်တတ်ပါတယ်…လူ ၄ယောက်လောက် ဆက်တိုက်သေတတ်ပါတယ်…ပတ်ချာလှည့်ပြီး သေသလိုမျိုးပေါ့…၃ယောက်လောက် ဆက်တိုက်သေပြီဆိုရင် ရပ်ကွက်ထဲမှာ ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ရပါတယ်…အနည်းဆုံး ၃ယောက်၄ရောက်လောက်သေပြီးမှ ဒါမှ မဟုတ် ပရိတ်ရွတ်လိုက်မှ သေတာတွေ ရပ်သွားတတ်ပါတယ်…အမြဲလို ဖြစ်တာ မဟုတ်ပေမယ့် တစ်ခါတစ်ခါ အဲလို သေတာမိျုးတွေ ဖြစ်တတ်တာ သိသာလှပါတယ်…အခုနောက်ပိုင်းတော့ မဖြစ်တော့တာ အတော်ကြာနေပါပြီ…
••••••••••••••••
အစိမ်းသေကို ရွာထဲပြန်ခေါ်မိလို့
##################
ဘားအံဘက်က ရွာတရွာမှာ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ။အမည်တွေကို လွှဲရေးထားပါတယ်။စာရေးသူကို ညီငယ်တစ်ယောက် ပြောပြခဲ့တာပါ…
##############
ကျနော် ၈တန်းနှစ်က ဖြစ်ခဲ့တာပါ…ကျနော့် အဖေက ရဲဝန်ထမ်းဆိုတော့ သူတာဝန်ကျရာ ဘားအံဖက်ကိုလိုက်နေတဲ့ အချိန်က ဖြစ်ခဲ့တာပါ…
တနေ့ ရွာပြင်မှာ မပုဆိုတဲ့ အမကြီးတစ်ယောက် ခွေးကိုက်ခံရပြီးသေသွားပါတယ်။ခွေးကသေအောင် ကိုက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။တချို့လူတွေပြောတာကတော့ မပုကို ကိုက်တဲ့ခွေးဟာ တိုက်ခွေး (အောက်လမ်းနဲ့ တိုက်ပြီး သေအောင်လုပ်တာမျိုးပါ။) လို့ပြောကျပါတယ်။မပုက မင်္ဂလာဆောင်တာလည်း မကြာသေးပါဘူး။ဘယ်သူဘယ်ဝါက ဘာအငြိုးကြောင့်လုပ်တာလည်း ဆိုတာ ဘယ်သူမှ တိတိကျကျ မသိခဲ့ပါဘူး။
မပုအလောင်းကို တွေ့တော့ သူ့မိဘ ဆွေမျိုးတွေက ရွာထဲပြန်ယူပြီး ပုံမှန်သေသူတွေလို သဂြိုလ်လိုက်ပါတယ်။တရွာလုံးက လက်မခံချင်ပေမယ့် ဘယ်သူမှ အမှန်းခံပြီး ဝင်မပြောခဲ့ကျပါဘူး။မပုအလောင်းကို ရွာထဲပြန်သယ်တဲ့ ညက စပြီး ညညဆို ခွေးတွေ အူပါတယ်။့မပုကို သဂြိုလ်ပြီးနောက်ပိုင်းမှာတော့ ညညဆို ခွေးတွေ လည်း အူကျ သလိုတစ်ခါတရံ ငှက်ဆိုးထိုးသံတွေကိုပါ ကြားရတတ်ပါတယ်။ငှက်ဆိုးထိုးသံ ကြားပြီဆိုတာနဲ့ မနက်ရောက်ရင် လူတစ်ယောက်မဟုတ် တယောက် သေတော့တာပါပဲ။လူတွေ ခဏခဏသေလာကျတော့ ရွာသားတွေလည်း လန့်လာတယ်။
အဲဒီအချိန်မှာ အိမ်တိုင်းရဲ့ အဝင်ဝမှာ ဇီးကိုင်းတွေချိတ်ထားကျတယ်။မကောင်းဆိုးဝါးတွေ မဝင်နိုင်အောင်လို့ လို့ ပြောပါတယ်။အဲဒီလိုအဖြစ် အပျက်တွေနဲ့ကြုံတွေ့နေတဲ့ အချိန်မှာ ကျနော်က ၈တန်းတက်နေတဲ့ အချိန်ပေါ့ ညဘက်ဆို ရင်လည်းကျူရှင်တက်ရတယ်။ပြန်ရင် တစ်ယောက်ထဲပြန်ရတယ်။ကျနော်တို့အိမ်ကိုပြန်တဲ့ လမ်းမှာ ကျောင်းရှိပါတယ်…ကျောင်းမှာ သရဲခြောက်တယ်လို့ ကြားဖူးနေတော့ ညဘက်အိမ်ပြန်လို့ ကျောင်းရှေ့ရောက်တိုင်း သရဲများ အခြောက်ခံရမလား တွေးတွေးကြောက်နေမိတယ်။တခါမှလည်း ကျောင်းဘက်ကို မကြည့်ပဲ ခေါင်းငုံ့ပြီးလျှောက်တယ်…
•••••••••
တညမှာတော့ ရွာမှာမီးပြတ်လို့ တရွာလုံး မှောင်မဲနေတာပေါ့။အဲဒီည ကျူရှင်ဆင်းတော့ ညအမှောင်ထဲ တယောက်ထဲ မပြန်ရဲမှာစိုးလို့ သူငယ်ချင်းနဲ့ သူ့အမေက ကျနော့်ကို လိုက်ပို့တယ်။လမ်းရောက်တော့ အမေနဲ့ အကိုနဲ့ အတူလာကြိုတာ တွေ့လိုက်တယ်။မကြိုစဖူး လာကြိုတာဆိုတော့ ထူးဆန်းနေတာပေါ့။သူငယ်ချင်း သားအမိကို နှုတ်ဆက်ပြီး ကျနော်ရယ် အမေရယ် အကိုရယ် အတူပြန်လာရင်း အမေက သား စောဏက အိမ်ပြန်လာသေးလားလို့ မေးတယ်။မပြန်လာပါဘူး ကျုရှင်က အခုမှ ဆင်းလို့ အခုမှ ပြန်လာတာပါ လို့ ဖြေလိုက်တော့ အမေ့မျက်နှာ ပျက်သွားတာမြင်လိုက်တယ်။ဘာဖြစ်လို့လဲ အမေ လို့ မေးလိုက်တော့ ဘာမှမဖြစ်ပါဘူး သားရယ်…လာလာမြန်မြန်လျှောက်ဆိုပြီး လက်ဆွဲပြီး အမြန်လျှောက်တော့တာပဲ။ကျနော်လည်း ဘု့မသိဘ မသိနဲ့ အမေအတင်းဆွဲတဲ့ နောက်ကို ပါသွားတယ်။
အိမ်ရောက်တော့မှ အမေကရေ သောက်ပြီး အမောပြေလောက်ရော ''သိပ်တော့မကြောက်နဲ့ နော် သားလေး။စောဏက မင်းကိုလာမကြိုခင် အိမ်ရှေ့က မင်းအသံကြားလိုက်လို့ အမေထွက်ကြည့်တာ ဘယ်သူမှ မတွေ့လို့ ငါ့သားလေးတခုခုများဖြစ်နေပြီလား အရမ်းစိတ်ပူတာနဲ့ မင်းတို့ကျူရှင်ကို လိုက်လာတာတဲ့…အမေက မကြောက်နဲ့ ဆိုမှ ကျနော်က ပိုကြောက်နေတော့တယ်…ကျနော်များ သေတော့မှာလား တွေးပြီး ငိုတော့တာပေါ့…အမေက သားလေး မငိုနဲ့ ဘာမှမဖြစ်ဖူး…ပရိတ်ရေသောက်လိုက်…ပြီးရင် အိပ်တော့နော်တဲ့…သား မအိပ်ရဲဘူး ပြောတော့…အမေသားဘေးမှာ မအိပ်ပဲ စောင့်ပေးမယ်…စိတ်ချလက်ချအိပ်ဆိုတာနဲ့…ကျနော်လည်း ခဏကြာတော့ အိပ်ပျော်သွားတယ်…
ည သန်းခေါင်အချိန်လောက်မှာ…ကျနော့် နားထဲအသံ တစ်သံကြားလို့ လန့်နိုးသွားတယ်…အသံက ဘယ်ကလာမှန်းမသိပေမယ့် ကျနော့် နာမည်ကို ခေါ်နေတဲ့ အသံ…''သူရ ရေ …သူရ…ဒီကိုလာခဲ့''
လို့ ခေါ်နေတာ…ကျနော်အတိုင်းသားကြားနေရတယ်…အသံကြားလို့ လန့်နိုးသွားပြီး…ဘေးကိုကြည့်လိုက်တော့ အမေနဲ့ ညီမလေးက အိပ်နေတယ်…ကျနော်က အိပ်မက်မက်နေတာ နေမှာပါ…တွေးပြီး ပြန်အိပ်မယ် လုပ်တော့…စောဏက ကျနော့် နာမည်ခေါ်နေတဲ့ အသံကို ထပ်ကြားရပြန်တယ်…ဒီတစ်ခါ အသံကြားလိုက်တဲ့ နောက်ပိုင်း ကျနော် ဘာဖြစ်သွားမှန်းမသိပဲ…အဲဒီ အသံလာတဲ့ နေရာကို သွားချင်စိတ်ပေါ်လာတယ်…လူတစ်ကိုယ်ထဲကို စိတ်၂ခွဖြစ်သွားသလိုပဲ…စိတ်တစ်ခုက အသံကြားနေရတဲ့ နေရာကို သွားချင်နေတယ်…နောက် စိတ်တစ်ခုက ကြောက်ပြီး အမေ့ကို နှိုးပြောချင်တဲ့ စိတ်ပေါ့…ဒါပေမယ့် စိတ်အညှို့ ခံထားရသလို…ဖြစ်နေပြီး ကျနော် ခန္ဓာကိုယ်ကြီးက မတ်တပ်ထရပ်လိုက်တာ ကျနော် သတိထားမိလိုက်တယ်…
''မထနဲ့ မသွားနဲ့လို့ ကျနော့်ကို ကျနော် ပြောနေပေမယ့် ပြောမရဘူး…ဖြစ်နေတယ်…အမေရေ အမေရေလို့…အော်နေပေမယ့် အသံကမထွက်ဖူးဖြစ်နေတယ်…''
ဒါနဲ့ ကျနော့် ခန္ဓာကိုယ်ကြီးက အမေနဲ့ အတူအိပ်နေတဲ့ အခန်းထဲက တစ်လှမ်းခြင်းလျှောက်ပြီး ထွက်သွားနေတာ ကျနော်သိနေတယ်…ကျနော် ကြောက်လွန်းလို့ ဇောချွေးတွေပြန်နေတယ်…ကျနော့် ခြေထောက်တွေကို ကျနော်ရပ်မရဘူးဖြစ်နေတယ်…ကျနော် ခန္ဓာကိုယ်ကြီးက အခန်းထဲက ထွက်ပြီး အိမ်ရှေ့မှာ အိပ်နေတဲ့ အစ်ကိုကို ကျော်ပြီး အိမ်တံခါးကို ဖွင့်ပြီး အပြင်ထွက်သွားတယ်…အိမ်ပြင်ရောက်တော့ အသံက မှောင်မဲနေတဲ့ လမ်းမဘက်က လာနေတယ်ဆိုတာ သတိထားမိတယ်…လမ်းပေါ်မှာ ဘယ်သူမှ ရှိမနေပါဘူး…ကျနော့် ကြောက်နေပေမယ့်…ကျနော့် ခြေလှမ်းတွေက ဆက်သွားနေတုန်းပဲ… တဖြည်းဖြည်းနဲ့ ကျနော် ခြံပြင်ထွက်လာနေတယ်ဆိုတာကို သိစိတ်က သိနေတယ်…
လမ်းမပေါ်လျှောက်နေပေမယ့် ကျနော့်နာမည် ခေါ်နေတဲ့ အသံပိုင်ရှင်ကိုလည်း မတွေ့ရသေးဘူး…အသံက ကျနော် နဲ့ နီးလာလိုက် ဝေးသွားလိုက်ကို ဖြစ်နေတာ…တဖြည်းဖြည်းနဲ့ ကျနော် လျှောက်နေတာ ရွာပြင်ကို ရောက်ပြီး ရွာ င်္သချိုင်းကုန်းဘက်ကို ရောက်လာနေပြီ…ကျနော် အရမ်းကြောက်နေမိတယ်…ကြောက်လွန်းလို့ အသက်တောင်ထွက်ပြီး သေသွားပါစေ မြန်မြန်သေပါရစေတော့လို့ တောင် ဆုတောင်းမိတယ်…ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘူး…ကျနော့် စိတ်က သိနေပေမယ့် အဲဒီအချိန်မှာ ကျနော့်ကို ကျနော် မပိုင်သလိုမျိုး အသံရဲ့ ဆွဲငင်နေတဲ့ညှို့အားကို မလွန်ဆံနိုင်ဘူး…ဖြစ်နေတယ်…တစ်ဖြေးဖြေး ကျနော့်ခြေလှမ်းတွေက င်္သချိုင်းထဲကို ဝင်ဖို့ ဦးတည်နေပြီ…
အဲဒီအချိန် …ဓါတ်မီးရောင်တွေ မြင်လိုက်ရပြီး…''ဟိုမှာ ဟိုမှာ ''ဆိုတဲ့ အော်သံတွေ ကြားပြီး လူတွေ အုပ်လိုက်ပြေးလာသံတွေ တစ်ယောက်တစ်ပေါက်ပြောဆို အော်ဟစ်သံတွေကြားပြီး ကျနော် င်္သချိုင်းဝမှာတင် ပစ်လဲသွားပြီး တလောကလုံး မှောင်မည်းသွားတယ်…
ကျနော် သတိပြန်ရတော့ ကျနော့် ဘေးမှာ အဖေရယ် အမေရယ် ရွာဦးကျောင်းဆရာတော်နဲ့ ရွာသားအတော်များများကို တွေ့လိုက်ရတယ်…
''အမေ အမေ သားဘာဖြစ်တာလည်း …သားသေသွားပြီလားလို့ ''ကြောက်ပြီး မေးရင်း အမေ့ကို ဖက်ပြီး ငိုလိုက်တယ်…အမေက
''သားဘာမှ မဖြစ်ဘူး…သားနေကောင်းလား ဘယ်လိုနေလည်းလို့ မေးတယ်…''
''ဆရာတော်က ဒကာမကြီးသားကို ပရိတ်ရေလေး အရင်တိုက်လိုက်ပါအုံးလို့ပြောတာနဲ့ အမေက ပရိတ်ရည်တိုက်တယ်…''
အဖေက…''သား ဘာမှ မကြောက်နဲ့ အဖေတစ်ယောက်လုံး သားနားမှာရှိတယ်လို့လည်း ဝင်ပြောတယ်…''
ပရိတ်ရည်သောက်ပြီး ခဏနေတော့ အဖေက စမေးတယ်…
''သား မနေ့ညက ဘာလို့ ရွာပြင်င်္သချိုင်းကိုသွားတာလည်းတဲ့…''
''ကျနော်လည်း အိပ်နေရင်း အသံတသံကြားလို့ လန့်နိုးသွားတာက စပြီး စိတ်ထဲက မသွားချင်ပဲ အဲဒီအသံလာတဲ့ ဆီကို သားခြေထောက်တွေက အလိုလိုသွားရင်း ရွာင်္သချိုင်းကုန်းနားရောက်သွားပြီး လူသံတွေကြားလိုက်ရကြောင်း…ပြီးတော့ ဘာဆက်ဖြစ်တယ်ဆိုတာ မသိတော့ဘူးလို့ပြောပြလိုက်တယ်…''
အဖေ ပြန်ပြောပြတာက…အဲဒီည က သူက တာဝန်နဲ့ ညပိုင်း ဂျူတီကျနေရင်း စိတ်တွေလေးပြီး အိမ်ပြန်ချင်စိတ်ပေါက်နေတာ ဘယ်လိုမှ မထိန်းနိုင်တာနဲ့ အိမ်အတွက်လည်း စိတ်ပူပြီး သူ့ဆရာဆီ ခွင့်တောင်းပြီး အိမ်ပြန်လာတာတဲ့…အိမ်ပြန်ရောက်တော့ အိမ်ရှေ့တံခါးကြီး ပွင့်နေတာ တွေ့တာနဲ့ အိမ်ပေါ်တက်ကြည့်တော့ သားကိုမတွေ့တာနဲ့ မင်းအမေကို နှိုးပြီးမေးတော့မှ သားပျောက်နေတာသိပြီး…အိမ်နီးနားချင်းတွေနှိုးပြီး လိုက်ရှာရင်း င်္သချိုင်းထိပ်နားမှာ သားကိုတွေ့လို့ ပြေးလိုက်လာတုန်း သားလဲကျသွားတာတွေ့လိုက်လို့ အိမ်ပြန်ခေါ်လာတာဆိုတဲ့ အကြောင်းပြောပြတယ်…ပြီးတော့ ဆရာတော်ကို ညတွင်းချင်းပင့်ပြီး ပရိတ်ရွတ်ခိုင်းပြီး ပရိတ်ရေတွေ ဖြန်း ပရိတ်ရေတွေ တိုက်လို့ ကျနော်ပြန်သတိရလာတာတဲ့…
ကျနော်က အဖေပြောပြတာတွေကြားပြီး လန့်နေသလို ကျနော်ပြောပြတာကို ကြားပြီး အမေကောရွာသားတွေပါ ကြောက်နေကျတယ်…''ဆရာတော် ကယ်ပါအုံး…ရွာတော့ အပမိနေပါပြီ ဆိုပြီး…ဝိုင်းပြောကျတယ်…''
ဆရာတော်က
''မကြောက်ကျနဲ့ မနက်လင်းတာနဲ့ ငါ မြို့ပေါ်ကြွပြီး အမှောင့်ပရောဂတွေကို နိုင်တဲ့ ဆရာတော်ကြီး တစ်ပါးပင့်ပေးမယ် ''
ပြောတော့မှ အားလုံး ငြိမ်သွားကျတယ်…
မိုးလင်းတော့ ဆရာတော်နဲ့ ရွာက ဦးလေးကြီး သုံးယောက် မြို့တက်သွားပြီး နေ့လည်လောက်ရောက်တော့ ပြန်ရောက်လာကျတယ်…ဆရာတော်ကြီးတစ်ပါး ပင့်ပြီး ကျနော်တို့ အိမ်ကို အရင်ဝင်လာတယ်…ပင့်လာတဲ့ ဆရာတော်ကြီးက သားလေး မနေ့ညနေက ဘာထူးခြားတာ ဖြစ်ခဲ့သေးလည်း သေချာပြန်စဉ်းစားပြီး ပြောပြစမ်းဆိုလို့…ကျနော်ပြန်စဉ်းစားတော့ …
ကျနော်ကျောင်းပြီးလို့ အိမ်ကိုပြန်ပြီး ထမင်းစား ညနေ ၅နာရီလောက် ကျူရှင်ကို အသွား မပုတို့ အိမ်ရှေ့မှာ ချော်လည်း ခဲ့ကြောင်း …ကျန်တာ ဘာမှ မဖြစ်ဖူးဆိုတာပြောပြလိုက်တယ်…
ဆရာတော်ကြီးက မင်းကံကောင်းတယ် ကောင်လေး…သေနေ့မစေ့သေးတာလည်း ပါတယ်…မင်း ညနေစောင်း ချော်လဲတာက မကျွတ်မလွတ်သေးတဲ့ အစိမ်းသေသေတဲ့ လူရဲ့ အိမ်ရှေ့မှာဆိုတော့ မင်း အပမိတာပဲ…မင်းလိပ်ပြာကို နုတ်ဖို့ အထိ ဟိုက ကြိုးစားတာ…မင်းအတော်ကံကောင်းတယ်…လို့ပြောတယ်…
အခုတော့ အားလုံးမစိုးရိမ်ကျနဲ့တော့...သူအားလုံးလုပ်ပေးမယ်လို့ ဆရာတော်ကြီးကပြောပြီး...ပရိတ်မန်းကြိုးလေးလည်ပင်းမှာ ဆွဲထားလိုက်လို့ ပြောပြီးပေးသွားတယ်...ရွာလူကြီးကို ကာလသား၅ယောက်လောက်ခေါ်ပြီး ရွာထိပ်င်္သချိုင်းကုန်းကို ချက်ချင်းလိုက်ခဲ့ဖို့ ပြောပြီး...ရွာခံဆရာတော်နဲ့ အတူ လူကြီး၃ယောက်နဲ့အတူ ရွာင်္သချိုင်းဘက် ကြွသွားတယ်...နောက်မှ လူကြီးတွေပြောလို့ ပြန်သိရတာက... မပုအလောင်းကို ပြန်ဖော်ပြီး မီးသဂြိုလ်ခိုင်းတယ်...ပြီးတော့ ပရိတ်ရွတ် မေတ္တာပု့ိပြီး မကောင်းဆိုးဝါးနှင်တဲ့ ဂါထာရွတ်ပြီး ရွာကိုထပ်မနှောင့်ယှက်ဖို့ပြောပြီး နှင်ထုတ်လိုက်တယ်..တဲ့....အဲဒီနေ့က စပြီး ရွာက အရင်လိုပုံမှန်ပြန်ဖြစ်သွားတော့တယ်...ခွေးအူသံတွေ ငှက်ဆိုးထိုးသံတွေ ထပ်မကြားရတော့ သလို...လူတွေလည်း ထပ်မသေတော့ပါဘူးးး.....
Credit - ညွှန်းစေKN
ADMIN :-) JUVENILE
ဒီ ပရလောကအကြောင်းအရာများကို ကြိုက်နှစ်သက်ရင် ပြန်လည် Share ပေးလို့ရပါတယ်နော် ။






No comments:
Post a Comment