ရွာထဲသို့မဝင်ရ ( စ / ဆုံး )

မော်လမြိုင်တက္ကသိုလ်ဝင်းကြီးက မိုးထဲလေထဲ ကြံကြံခံထီးထီးကြီး ရပ်တည်နေပြီး ဘေးမှာတော့ စိန်ပန်းပင်တွေက ခိုက်ခိုက်တုန်အောင် ချမ်းနေကြ သယောင် အကိုင်းလေးတွေ ညွတ်ကျကွေးနေပြီး သစ်ရွက်တွေက မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေကျနေလေရဲ့.....

      အဲလိုမိုးတွေတရစပ်ရွာနေချိန်... မော်လမြိုင် တက္ကသိုလ်စာကြည့်တိုက် အရှေ့လှေကားထစ် လေးပေါ်မှာ... လွယ်အိတ်လေးကိုယ်စီ ရင်ဝယ် ပိုက်ပြီး.. မျက်နှာမကောင်းစွာ..ထိုင်နေကြတဲ့သူ ၂ယောက်ကတော့.... မိုးစက်လေးတွေကို ငေးမောကြည့်ပြီး....


သူငယ်ချင်း.... ငါရွာပြန်ရမယ်ကွာ.... အိမ်ကဖုန်း ဆက်လာတယ်... မေမေကျန်းမာရေး အခြေအနေက မကောင်းဘူးတဲ့... ငါရွာကထွက် လာတုန်းကတောင် အခြေအနေကောင်းသေး တယ်.... ခုမှကွာ... ဆိုပြီး စကားလုံးတွေ ပါးစပ်ဖျားက မထွက်လာပဲ.. သက်ပြင်းရှည်ကြီး တစ်ချက်သာ လေးတွဲစွာ ထွက်ကျလာတယ်...


အောင်မျိုး... သူငယ်ချင်း စိတ်ထဲအေးအေးထားပါ မင်းအမေ ပြန်ကောင်းလာမှာပါ.. နက်ဖြန် ကြုံရာကားနဲ့ ရွာပြန်လိုက်ပါကွာ... စာတွေ အတွက်လဲ ဘာမှစိတ်မပူပါနဲ့.. ငါကူးထားပေးမယ်... မင်းအမေ နေပြန်ကောင်းမှ ပြန်တက်လာခဲ့.... ဟုတ်ပီလား...


အေးကွာ သူငယ်ချင်း... ကျေးဇူးပါကွာ....


နောက်နေ့မနက် အာရုံတက်တော့... မော်လမြိုင် ဈေးကြိုကားဝင်းထဲမှာ... ကားသံတွေ လူသံတွေ ဆူညံနေတဲ့အထဲ အောင်မျိုးတစ်ယောက်... သူစီးရမယ့် ကားကို လိုက်ရှာနေတယ်...


ဟေ့.. ညီလေး... ဘယ်သွားမလို့လဲ....


ရေးလား.. ထားဝယ်လား... ဘယ်လဲညီလေး...


ကျွန်တော်... ရေး.သွားမလို့ပါ....


ရေးရောက်တာပေါ့...လာလာ.... မကြာခင် ကားထွက်တော့မှာ.... ဒါနဲ့ ညီလေးက ရေးမြို့ပေါ် ကပဲလား...


မဟုတ်ဘူးအကို.. ဇီးဖြူသောင်ကျေးရွာကပါ... ဟိုရောက်မှ တက္ကစီနဲ့ ဆက်သွားရမှာ...


အော်..ဒါဆိုတက်လေ... မကြာခင် ကားထွက်တော့မှာ.....ဆိုတော့.ကားပေါ် တက်လိုက်ပြီး လွတ်နေတဲ့ နေရာမှာ ဝင်ထိုင် လိုက်တယ်... ခဏကြာတော့...


မောင်း..ဆရာရေ...


ဝူးးးးးးး....ဆိုပြီး ကားက မြှားတစ်စင်းလို ပြေးထွက် သွားတယ်....


အောင်မျိုးလဲ အမေ့အတွက် ဝယ်ထားတဲ့... အားဆေးပုလင်းတွေ မုန့်ထုတ်လေးတွေကို ပိုက်ပြီး တစ်ယောက်ထဲ ငေးမောစွာ... ဘေးက ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတဲ့ ရော်ဘာပင်တန်း တွေကို ကြည့်နေမိတယ်.....


၁နာရီခွဲလောက် စီးပြီးတဲ့အချိန်.... ဆရာရေ ရှေ့ကားရှင်းတယ်... ကျော်လို့ရတယ်.. ဆိုတဲ့ စပယ်ယာရဲ့အော်သံကို ကြားပြီး...


ကျွီ......ဒုန်းးးးးးးးးးးးး


ကားဘရိတ်ဆောင့်နင်းတဲ့ အရှိန်ကြောင့် လူလဲ ...ဘေးကို ယိုင်ကျသွားတယ်... လူယိုင်ပေမယ့် အမေ့အတွက်ဝယ်လာတဲ့ ဆေးထုပ်လေးကို ကျစ်ကျစ်ပါအောင်.. ဆုပ်ပြီး...ကိုင်ထား လိုက်တယ်.......


ခဏနေတော့.... ကားက ဆက်မထွက်တော့ဘူး..


ကားကို ကြည့်လိုက်တော့... ကားပေါ်မှာ လူတွေ လူတွေ အတုံးအရုံး လဲနေတာ....


ဟာ.... ကားတိုက်ပီ.... သွေးတွေသံတွေနဲ့ ခြေထောက်ပြတ် လက်ပြတ်.. ဦးခေါင်းတွေ ကြေမွ နေတဲ့ လူတွေကို ကြောက်မက်ဖွယ်ရာ မြင်တွေ့ လိုက်တယ်.....


ဟူးးးး တော်ပါသေးရဲ့... ငါ ဘာမှမဖြစ်လို့.... ခဏနေတော့... ကားတစ်စီးရောက်လာတယ်.. ဒဏ်ရာရသူတွေကို ကားတစ်စီးနဲ့ ခေါ်သွားတာ တွေကတော့ အဲဒီကားနဲ့ ဝင်လိုက်သွားလိုက်တယ်... လက်ထဲမှာတော့ အမေ့အတွက် ဆေးထုတ်လေးကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားဆဲပဲ....


ကားဂိတ်ရောက်တော့... ကားပေါ်က ဆင်းပြီး...ရွာပြန်ဖို့ ကားလိုက်ရှာတော့...


ဟာ အတော်ပဲ ဦးပွ ကားပါလား..... ရွာထဲကို လမ်းကြုံလိုက်ရမယ်....ဆိုပြီး ဦးပွကားပေါ် တခြားသူတွေနဲ့ ယောတိယောယောင် .ဝင်ထိုင်လိုက်တယ်...


ခဏနေတော့ ကားက တအိအိနဲ့ ထွက်လာပြီး အစင်ကျေးရွာ အကျော်လဲ ရောက်ကော.... ဇီးဖြူသောင်ကျေးရွာရဲ့ ဆိုင်းဘုတ်ကို လှမ်းမြင် နေရပီ... အမေ့ကို တွေ့ချင်တဲ့ စိတ်ကြောင့် ရင်တွေ တဒိတ်ဒိတ်ခုန်လာတယ်...ရွာအဝင်လဲ ရောက်ကော... ကားက ကျွီခနဲ ထိုးရပ်သွားတယ်..


ဟာ... ကားက ဘာဖြစ်တာလဲ.. ဆီပိတ်တာလား.. ဦးပွ ကြည့်စမ်းပါဦး..စသည်ဖြင့် ခရီးသည်တွေရဲ့ ပွစိပွစိ အသံတွေတစ်ယောက် တစ်ပေါက် ထွက်လာတယ်... အဲလိုထွက်လာတယ် ဆိုရင်ပဲ..


ရွာထိပ်နတ်ကွန်းထဲက .... ခေါင်းပေါင်းအနီ.. မွန်ပုဆိုးနဲ့ မွန်တိုက်ပုံကို ဝတ်ထားတဲ့... အရပ်ထောင်ထောင်မောင်းမောင်း လူတစ်ယောက်ဗြုန်းဆို ရောက်ချလာပီး... ကျွန်တော့်ဂုတ်ကနေ ကားအောက်ကို ဆွဲချလိုက်တယ်... ကျွန်တော်ခန္ဓာကိုယ်လေးက ဖက်ရွက်လေးတစ်ရွက်လို.. သူလက်ပေါ်မှာ ပါသွားတယ်....


ကျွန်တော်လဲ ကားပေါ်က အကျ ကားလဲ ဝူးးးးခနဲ စက်နှိုးသွားတယ်....ပြီးတော့ ရွာဘက်ကို မောင်း ထွက်တော့ ကျွန်တော်ပြေးအလိုက်မှာ....


ရွာထိပ်မှာ ခွေးနက်ကြီး ၂ကောင် မန်ဖီပြီး ကျွန်တော်သွားမယ့်လမ်းကို ပိတ်ထားတယ်....


အဲမှာပဲ... ခုနက လူကြီးက မွန်ဘာသာနဲ့... ဟေ့ မင်းရွာထဲဝင်လို့မရဘူး... မင်းဝင်ပိုင်ခွင့်မရှိဘူး..


ဟာဗျာ... ကျွန်တော်ငယ်ငယ်ထဲက နေလာတဲ့ ရွာ ဝင်ချင်ဝင်မယ်... ထွက်ချင်ထွက်မယ်... ခင်ဗျားက ဘာလို့မပေးဝင်တာလဲ... ဒါနဲ့ နေစမ်းပါဦး.. ကျွန်တော်ဒီရွာမှာ နေလာတာ ကြာပီ... ခင်ဗျားကို တစ်ခါမှလဲ မတွေ့ဘူးဘူး... ခင်ဗျားက ဘယ်သူလဲ ကျွန်တော်အမ နေမကောင်းဖြစ်နေတယ်ဗျ...


အဲဒါ ကျွန်တော်တွေ့မလို့ပြန်လာတာ....ဆိုပြီး ပြောတော့...


မင်းအမေက မိထောမွန် မဟုတ်လား... မင်းနာမည်က မင်းအောင်မျိုး... မင်းအဖေ နာမည်က မင်းလဂွန်း... မင်းအဖိုးတွေ အဘွားတွေ နာမည်ပါ ထပ်ပြောပြရဦးမလား... စသည်ဖြင့် ပြောပြတော့... ကျွန်တော်လဲ အံ့သြသွားတယ်... အဲဒါဆို ဒီက အဘိုးက...


ငါက ဒီရွာမှာနေလာတာကြာပီ... ဒီရွာမှာဖြစ်တဲ့အကြောင်းငါအစအဆုံး သိတယ်.. မင်းအခုရွာထဲဝင်လို့မရတော့ဘူး... ဘာလို့လဲ မင်းမမေးနဲ့.. မင်းက သက်ရှိလူသားတစ်ဦး မဟုတ်တော့ဘူး... မင်းသေဆုံးခဲ့ပြီ.. မင်းသေဆုံး သွားခဲ့ပြီ.... မင်းကားတိုက်ပြီးတော့ သေဆုံးခဲ့ပီ.. ဗျာ.. ကျွန်တော် ကျွန်တော် သေဆုံးခဲ့ပီ..ဟုတ်လား....


အေး..မင်းသေဆုံးခဲ့ပီ ဒါကြောင့်ရွာထဲဝင်လို့ မရဘူး....ဆိုပြီပြောတဲ့စကားကြောင့်...


လက်ထဲမှာကိုင်ထားတဲ့ ဆေးထုပ်လေး.. လွတ်ကျသွားလောက်အောင် .. ဆောက်တည်ရာ မရဖြစ်ခဲ့တယ်...


အဲဒါနဲ့ ကျွန်တော်လဲ ရွာထိပ်က ဇရပ်လေးမှာ ထိုင်ပြီး ရွာထဲကို ဘယ်လိုဝင်ရမလဲ ဆိုပြီး တွေးနေ မိတယ်.... ကျွန်တော်အမျိုးမျိုးကြိုးစားပြီး ဝင်ဖို့ ကြိုးစားပါသေးတယ်... ဒါမယ့် မအောင်မြင်ခဲ့ဘူး.. အမေ့ ကျန်းမာရေး အခြေအနေက .တစ်နေ့တစ်ခြား ဆိုးလာတယ်လို့ လမ်းသွားလမ်းလာလူတွေပြောတာ ကြားရတယ်. နောက်နေ့ကျတော့.. ဦးလေးတွေ အဒေါ်တွေ ဆွေမျိုးတွေ ငိုကြီးချက်မနဲ့ ရွာထဲကနေ ထွက်လာတယ်.... ကျွန်တော်စိတ်ထဲ အမေများ တစ်ခုခုဖြစ်လို့လားပေါ့ဗျာ... စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်....


နောက်မှသိရတာက ကျွန်တော်အဖြစ်အပျက်ကို သိပြီး သွားကြတာ... ဟိုမှာပဲ ကျွန်တော့် အလောင်းကို သဂြိုလ်ခဲ့တယ်....


ကျွန်တော်လဲ ရွာထိပ်က အဘိုးကို.. အားကိုးပြီး နေလာခဲ့တယ်... ရွာထိပ်ကနေဘယ်မှ သွားလို့ မရခဲ့ဘူး... တစ်ရက်မှာတော့ ကျွန်တော် ရွာထဲ ဝင်ခွင့်ရခဲ့တယ်... ကျွန်တော်အရမ်းဝမ်းသာ သွားတယ်... အဲဒါနဲ့ လူခြေတိတ်ချိန်... ကျွန်တော် အိမ်ကို ထွက်လာခဲ့တယ်....


လမ်းတစ်လျောက်... ပတ်ဝန်းကျင်အနှံ့ အစာရှာဖွေစားသောက်နေကြတဲ့ ပရလောက သားတွေ.... တစ်ချို့ဆို ကျွန်တော့်ကို သူတို့ အစာကိုလာလုလေမလားဆိုတဲ့ အကြည့်စိမ်း ကြီးတွေနဲ့ လျာကြီးတွေ တွဲလောင်းကျပြီး သွားရည်တတွဲတွဲနဲ့ ကြည့်နေတာ.... ဒါပေမယ့် ကျွန်တော် ကြောက်စိတ်မဝင်ခဲ့ဘူး.... ကျွန်တော် သိတာက အိမ်ကို ရောက်ဖို့ပဲ.... ဟော... ကျွန်တော် အိမ်ကို လှမ်းမြင်နေရပီ.... အိမ်ရှေ့မှာ လူတွေ မီးရောင်တွေ... အများကြီးပါလား...


ကျွန်တော် အိမ်ရှေ့လဲရောက်ကော.... အိမ်မှာ မွေးထားတဲ့ ငနက်က စူးစူးဝါးဝါး ကျွန်တော့်ကို...


ကြည့်ပြီး ဟောင်ပါလေရော.....


အိမ်ရှေ့မှာ စကားထိုင်ပြောနေတဲ့ လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်... ခွေးကလဲ အရမ်းကိုဟောင်နေတာကိုး.... ခဏနေတော့ ဦးလေးအိမ်ပေါ်က ဆင်းလာပြီး...


တူလေး.. အောင်မျိုး မင်းရောက်လာပီလား... မင်း အမေလေ မင်းအမေ မင်းကို စောင့်နေတာ... မင်းသတင်းကြားတော့ သူလုံးဝကို မထူနိုင်တော့ဘူး..... မင်းရောက်နေတာ... ငါသိပါတယ်.... တူလေးရယ်...ဆိုပြီး ငိုသံကြီးနဲ့ ပြောတော့.... ကျွန်တော်ရင်ထဲကနေ အပူလုံးတွေ အုံကြွလာခဲ့တယ်.... ... ကျွန်တော် အိမ်ထဲကို ဝင်မယ်လုပ်တော့.....


အမလေးးးး... အမရေ.. ကျွန်မတို့ကို ထားသွားပီလား.... အီးးးဟီးးဟီးး ဆိုတဲ့ အော်ငိုသံ ကြီးက အတိုင်းအဆမရှိ ကျယ်လောင်စွာ ထွက်လာတယ်.... ဒါဒေါ်ကြီးငိုသံပဲ.... အမေ... အမေ ... အမေ ..ဆိုပြီး.. ပြေးမဝင်မလို့ လုပ်တော့...အမေ အိမ်ပေါ်ကနေ ဖြေးဖြေးချင်း ပြုံးပြီးဆင်းလာတာ.... ပြီးတော့ ကျွန်တော့်ကို တွေ့ပြီး... လာပြေးဖက်တဲ့အချိန်....


ဟေ့ကောင် အချိန်ပြည့်ပြီ လာခဲ့ဆိုပြီး.... ကျွန်တော် ဂုတ်ကနေ.. ဆွဲပြီး ခေါ်သွားတာ... အနောက်ကို လှည့်ကြည့်လိုက်တော့.... အမေ အနောက်ကနေ ကျွန်တော့်ဆီ လိုက်လာနေတယ်.


ရွာထိပ်လဲရောက်ကော..... မင်းအမေ မင်းဆီ လာနေတယ်.... ဒီမှာပဲတွေ့ ရွာထဲထပ်ဝင်လို့ကတော့... ငါ့အဆိုးမဆိုနဲ့ ဆိုပြီး လှည့်ထွက်သွားတယ်...


ခဏနေတော့ အမေ ရောက်လာပြီး... စကားတွေ ပြောဖြစ်ကြတယ်.... အမေလဲ ကျွန်တော်နားမှာပဲ နေတယ်... တစ်ခါတစ်လေ အမေ ရွာထဲပြန်ဝင် သွားတတ်တယ်.... ပြီးရင် ပြန်ပြန်ရောက်လာတယ်...


ကျွန်တော်ရက်လည်တဲ့ နေ့မှာပဲ.... အမေကိုပါ တူတူအမျှဝေခဲ့တာ.... အမေက ကျွန်တော့်ဘေး မှာထိုင်ပြီး သာဓုခေါ်ခဲ့တယ်... သာဓုလဲ ခေါ်ပြီးကော... အမေလက်ကလေးပြပြီး... အိမ်ပေါ်ကနေ ထွက်သွားခဲ့တယ်... ပြီးတော့ ကျွန်တော့်ကို အမျှဝေတယ်... ကျွန်တော်လဲ သာဓု ၃ကြိမ်ခေါ်ပြီးတဲ့အချိန်.... ဖျတ်ခနဲ... လျှပ်စီးလက်သလိုလေးပဲ... အဲလောက်ပဲ ကြာတယ်.... ကျွန်တော်... နေရာသစ်တစ်ခုကို ရောက်သွားတယ်.... မျက်လုံးလေးကို အသာလေး ဖွင့်ကြည့်လိုက်တော့... အနီရောင် လိပ်ကာလေးထဲကို ရောက်နေပါလား.... ဘယ်နေရာကြည့်ကြည့်... ဘေးပတ်ဝန်းကျင်က အနီရောင်ဇာပါးလေးနဲ့ ဖုံးထားသလိုပဲ....


ကျွန်တော်အဲဒီအချိန်... ကာထားတဲ့ နံရံလေးကို ခြေထောက်လေးနဲ့ ကန်လိုက်မိတယ်......


                                     ပြီးပါပြီ....


                                     ဇေယန ( ရာမည )

No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်