ယုယု

 


 ကဲ ဒီနေ့ညအတွက် စပြောပြတော့မယ်နော် 

သူ့နာမည်က ယုယု 

ယုယုတို့ မိသားစုက ၄ယောက်ရှိတယ်...အမေရယ် ယုယုတို့ ညီအစ်မသုံးယောက်ရယ် ပေါ့ ။ အစ်မကြီး နာမည်က တင်တင် ၊ အစ်မလတ်နာမည်က မာမာ ၊ ယုယုကတော့ အငယ်ဆုံးပေါ့ ( နာမည်အားလုံးအမည်လွှဲတွေပါ ) ။ အဖေကတော့ ယုယု ၄နှစ်သမီးလောက်ကတည်းက အသည်းရောဂါနဲ့ ဆုံးသွားတယ်။ အဖေဆုံးကတည်းက အမေကပဲ ယုယုတို့ကို ဈေးရောင်း ပြီး ရှာဖွေကျွေးမွေးလာခဲ့တာ...ဈေးရောင်းတယ်ဆိုတာလည်း အစုံပေါ့ ... အဆင်ပြေမယ်ထင်ရာ အမျိုးမျိုး ပြောင်းရောင်းတယ် ။ အရင်းပြုတ်လိုက် သူများဆီက ချေးငှားပြီး ပြန်စလိုက်နဲ့ ပဲ လုံးလည်ချာလည်လိုက်လာတာ ... ပြောရရင် ယုယုတို့ သားအမိတွေ ဘဝက ကြပ်တည်းတယ် ။

အဖွားဆီက အမွေရခဲ့တဲ့ မြေနေရာလေးမှာ တစ်ထိုင်လွတ်အိမ် ယိုင်နဲ့နဲ့လေးရှိနေလို့သာ နေစရာအတွက် မပူရတာ ။ စားစရာကတော့  တကယ်ကို မငတ်ရုံပဲ စားနိုင်တာ ။ ယုယု ငယ်ငယ်လေးတုန်းကဆို အမေက ဈေးရောင်းသွားမယ်ဆို မနက်ခင်းမှာ ထမင်းအိုးတစ်လုံးပဲ တည်ပေးခဲ့တယ် ။ ပြီးရင် ပိုက်ဆံ ငါးကျပ် (အဲဒီခေတ်က  နှုန်းထားနဲ့ပါ)ပေးခဲ့ပြီး ထားခဲ့တာ ... အဲလိုဆို ညီအစ်မ သုံးယောက်သား ကြက်သွန်ပေါင်းကြော် ၊ စာကလေးခွေ ၊ အာလူးကြော် တစ်မျိုးမျိုးဝယ်ပြီး ထမင်းဆီဆမ်းနဲ့ ပြီးရတယ် ။ နောက်ပိုင်း တင်တင်က နည်နည်းချက်တတ်ပြုတ်တတ်လာတော့ အရပ်ထဲက ဟိုအပင် ဒီအပင်လေးတွေ လိုက်ဆိတ်ပြီး ရလာတဲ့အရွက်တွေကို ဆီပါလေကာ နဲ့ ရေလုံပြုတ်ပေးတဲ့ ဟင်းတစ်ခွက်တိုးလာတယ် ။ 

ကျောင်းနေတာကျတော့ ပရဟိတအသင်းတစ်ခုအကူအညီနဲ့ ကျောင်းနေခွင့်ရတယ် ။ ကျောင်းက နေ့တစ်ပိုင်းပဲတက်ရတာဆိုတော့ ကျန်တဲ့အချိန် ညီအစ်မ သုံးယောက် အိမ်ထဲမှာ မျောက်ရှုံးအောင် ကမြင်းတာပဲ ။ အိမ်မှာ အမေမရှိတဲ့ အချိန်ကများတာဆိုတော့ ညီအစ်မတွေပဲ အနေများတော့ တစ်ယောက် နဲ့တစ်ယောက် ချစ်ကြတယ် ... တင်တင်ကဆို ညီမတွေပေါ် သိပ်အနစ်နာခံတယ် ။ 

အမေကလည်း မတတ်သာလို့သာ သမီးတွေကိုထားခဲ့ပြီး ဈေးလည်ရောင်းနေရပေမယ့် ပစ်ထားတာမျိုးမဟုတ်ဘူး ။ ချစ်ရှာတယ် ... ပြန်လာရင် ဘယ်လောက်ပင်ပန်း၊ပင်ပန်း သမီးတွေဝိုင်းပြီး ချွဲလိုက်ရင် အမေ အမောပြေတယ် ။ သူများတွေလို အစားကောင်းအသောက်ကောင်းတွေ ဝယ်မကျွေးနိုင်ပေမယ့် သမီးတွေ ထမင်းမငတ်ဖို့ ၊ စာသင်နိုင်ဖို့တော့ အမေ့ရှိသမျှအင်အားနဲ့ ကျားကန်ပြီး ကြိုးစားပေးရှာတယ် ။ ( မိဘဆိုတာ ကိုယ့်အပေါ်အချစ်နိုင်ဆုံး လူသားတွေပါပဲ ၊ ဘယ်လိုအဆင့်အတန်းမျိုးမှာ ဘယ်လိုအခက်အခဲပဲရှိရှိ ကိုယ့်သားသမီးအတွက်ဆို သူတို့အတတ်နိုင်ဆုံး ပေးဆပ်ဖြည့်ဆည်းပေးနေကြတာပါ .... ကိုယ့်မိဘက သူများမိဘလို ဟိုဟာဝယ်မပေးနိုင် ၊ မကျွေးနိုင်လို့ စိတ်မခုကြပါနဲ့ အပြစ်မမြင်ကြပါနဲ့ ... မတတ်နိုင်လို့သာ မဝယ်ပေးနိုင်ပေမယ့် သားသမီးတွေကို ကောင်းပေ့ညွန့်ပေ့ဆိုတာလေးတွေ ဆင်ယဉ်ကျွေေးမွးချင်တဲ့ စိတ်စေတနာကတော့ မိဘတိုင်းရှိပါတယ် ...အကောင်းဆုံးဆိုတာတွေ မဖြည့်ဆည်းပေးနိုင်ရင်တောင် သူတို့တတ်နိုင်တဲ့ ဘောင်အတွင်းကနေတော့ အစွမ်းကုန် ဖြည့်ဆည်းပေးနေကြတဲ့ သူ တွေ ပါ ...ဒါကြောင့် ကိုယ့်မိဘတွေကို တတ်နိုင်သမျှ ကံသုံးပါးထဲက ဘယ်ကံနဲ့မှ မပစ်မှားမိအောင်နေပြီး  ချစ်ခင်တန်ဖိုးထားကြပါ owls တို့ရေ )

အဲလိုနဲ့ ယုယု အလယ်တန်းကျောင်းသူ လောက်မှာ ဘေးအိမ်ကို လူသစ်တွေရောက်လာတယ် ... သားအမိနှစ်ယောက်တည်းတင် ... အန်တီကြီးက အမေ့ထက် အသက်ကြီးပြီး သမီးဖြစ်သူကတော့ အသက် နှစ်ဆယ်၊အစိတ် ဝန်းကျင်လောက်ပေါ့ ။ အစကတော့ သူတို့ကြည့်ရတာ တစ်မျိုးကြီးရယ် ... ဘာရယ်လို့သေသေချာချာမပြောတတ်ပေမယ့် ဘယ်လိုခံစားချက်ကြီးမှန်းမသိဘူး 

ဒါပေမယ့် နောက်ပိုင်းကျတော့ သူတို့ သားအမိ က သဘောကောင်းတယ်ဆိုတာသိလာရတယ် ...အန်တီကြီးတို့ သားအမိကလည်း ချမ်းသာလှတယ်ရယ်တော့မဟုတ်ပေမယ့် ယုယုတို့ထက်စာရင်တော့ အမျာကြီးအဆင်ပြေတဲ့ အနေအထားပေါ့ ... သူတို့က ယုယုတို့ ညီအစ်မတွေကို ရက်ခြား ရက်ခြားဆိုလို ဟင်းလေးတွေပေးတယ် ။ အန်တီကြီး သမီး ရဲ့ အင်္ကျီအကျလေးတွေလည်း ပေးတယ် ။ တစ်ခါတလေဆို ယုယုတို့တွေကို အိမ်ရဲ့ လက်တိုလက်တောင်းလေးတွေ လုပ်ခိုင်းပြီး မုန့်ဖိုးပေးတတ်တယ် ။ ညဆိုလည်း ယုယုတို့ကို TV လာကြည့်ခိုင်းတယ်။ အမေကလည်း ဈေးနားတဲ့ရက်တွေဆို အန်တီကြီးတို့ အိမ်ဘက်မှာ အဝတ်လျှော် ၊ မီးပူတိုက်လုပ်ပြီး အပိုဝင်ငွေလေးရှာတတ်တသေးတယ် ။ 

အဲလိုနဲ့ ယုယု ဆယ်တန်းနှစ်ရောက်လာတယ် ။ တင်တင် နဲ့ မာမာကတော့ နှစ်ယောက်စလုံး ၈တန်းနဲ့ကျောင်းထွက်ပြီး အမေ့ကိုကူကြတယ် ။တင်တင်က အမေ့ကို ဈေးကူရောင်းရင်း အိမ်အလုပ်လည်းလုပ်တယ် ... မာမာကတော့ စက်ပန်းထိုးသင်ပြီး ဆိုင်တစ်ဆိုင်မှာ အလုပ်သမားဝင်လုပ်တယ် ။ ဘေးအိမ်က အန်တီကြီးတို့နဲ့ကတော့ အရင်ကလိုပဲ ခိုင်းတာလေးလုပ်ပေးလိုက် ၊ ပေးတာကျွေးတာလေးတွေ စားလိုက်ပဲ ။ 

ဇာတ်လမ်းအပျိုးက အမေ့တူမတို့ လင်မယား အိမ်ကိုရောက်လာတာကနေပဲ...အမေ့တူမ နာမည်က မချို ... အဲဒီတုန်းက လင်မယားနှစ်ယောက် ဒုက္ခရောက်နေလို့ပါ ဆိုပြီး အမေ့ဆီရောက်လာတာ ..အမေကလည်း တူမအရင်းကြီး အဆင်မပြေနေတာကို မျက်နှာမလွှဲနိုင်တော့ အိမ်မှာပဲခေါ်ထားတယ် ။ မချိုတို့ လင်မယားကလည်း ယုယုတို့နဲ့အတူ ရုန်းကန်လိုက် ၊ နေလိုက် စာလိုက်ပေါ့  ... အဲလိုနဲ့ ၅လလောက်ကြာတော့ မချို ယောက်ျားက ကျောက်တွင်းမှာ အလုပ်လိုက်မယ်ဆိုတာနဲ့ လင်မယားနှစ်ယောက်လုံး ကျောက်တွင်းသွားကြတယ် 

အမေကတော့ စိတ်မကောင်းဘူးပေါ့ ... မချိုကလည်း အမေ့ကိုချစ်ရှာတယ် ...ပြီးတော့ နေစရာ ၊ စားစရာမရှိတဲ့အချိန်မှာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်ကြောင်း အမြဲတဖွဖွပြောတယ် ။ 

အဲလိုနဲ့ ယုယု ဆယ်တန်းပြီးစအချိန်မှာ အိမ်အတွက်အပြောင်းအလဲတစ်ခုဖြစ်သွားတယ် ။

တစ်နေ့  ... မချိုတို့ လင်မယား အိမ်ရောက်လာပြီး အမေ့ကို ကန်တော့ချင်လို့ပါဆိုပြီး အထုပ်ကလေး တစ်ထုပ်နဲ့ကန်တော့တယ် ။ အမေကလည်း ကန်တော့တာကိုပဲ ဆုတွေတစ်သီကြီးပေးပြီး အထြပ်ကိုဖွင့်မကြည့်သေးဘူး ။ ဒါနဲ့ မချိုက "ကြည့် ကြည့်ပါဦး ဒေါ်လေး"ဆိုလို့ ဖွင့်ကြည့်တော့ အမေမျက်လုံးအပြူးသားဖြစ်သွားရတယ် ။ 

အထုပ်ထဲမှာ ပိုက်ဆံတွေ...တော်တော်များတယ် ... အမေကတော့ မယုံနိုင်သလို ယူလည်းမယူရဲဘူး ။ 'ငါမယူချင်ပါဘူးအေ'ဆိုပြီး အတင်းငြင်းတာ ... မချိုတို့ကလည်း လက်အုပ်လေးတချီချီနဲ့ ယူဖို့ပြောတယ် ။ သူတို့လင်မယား ကျောက်အောင်လို့ အချီကြီးရလိုက်ပြီ ဖြစ်ကြောင်း ၊ ထီပေါက်သလို ချမ်းသာသွားပြီဖြစ်ကြောင်း သေချာရှင်းပြပြီး အမေလက်ခံတဲ့အထိ ပေးတယ် ။ 

နောက်ဆုံး အမေလည်း မရဲတရဲနဲ့ လက်ခံပြီး ဝမ်းသာလို့ ငိုရှာတယ်...'ငါ ဒီလောက်ပိုက်ဆံတွေ မကိုင်ဖူးပါဘူးအေ'လို့ ပြောပြီး မျက်ရည်လေးတလည်လည်နဲ့ ။ 

ပိုက်ဆံက သိန်း ၂၀ ... ယုယုတို့တွေကတော့ အရမ်းပျော်ကြတာပေါ့ ..' အမေ အဆင်ပြေပြီ ' ၊ 'အမေ ပင်ပင်ပန်းပန်းတွေ မလုပ်ရတော့ဘူး'ဆိုပြီး ဝမ်းသာကြတယ် 

မချိုတို့လင်မယားကတော့ အိမ်မှာ ၂ရက်လောက်နေပြီး ပြန်သွားတယ်...မချိုယောက်ျားရဲ့ ဇာတိမှာပဲပြန်ပြီး စီးပွားရေး လုပ်ကြဖို့ စီစှု်ထာကြတယ် ပြောတယ် ။

အဲလိုနဲ့ မချိုပေးတဲ့ပိုက်ဆံနဲ့ အိမ်ပြင်ဆောက်တယ် ၊ အိမ်ရှေ့မှာလည်း ဆိုင်ခန်းလေး ၂ခန်းတွဲ ဆောက်ပြီး တစ်ခန်းက ကုန်ခြောက်ဆိုင်ဖွင့်ပြီး နောက်တစ်ခန်းက အငှားထားလိုက်တယ် ...(အငှာခန်းက စာအုင်ဆိုင် လာဖွင့်တာ ) 

အမေ့ကုန်ခြောက်ဆိုင်ရှေ့မှာ တင်တင်က ကွမ်းယာဆိုင်လေးဖွင့်ထားသေးတယ် ... ယုယု တို့သားအမိတွေ ဘဝက ချမ်းသာသွားတယ်ရယ်တော့မဟုတ်ပေမယ့် တကယ်ကို နေ့ချင်းညချင်းအဆင်ပြေသွားတာ 

ဘေးအိမ်က အန်တီကြီးတို့ ကျေးဇူးကိုတော့ အမေ မမေ့ဘူး ...

ဟင်းကောင်းချက်တိုင်း အန်တီကြီး တို့ဆီ သွားပို့တယ်  ... ကောင်းနိုးရာရာ အခြောက်အခြမ်းလေးတွေဆိုလည်း ပေးတယ် ... အန်တီကြီးတို့အိမ်က တိပ်ခွေစက် ပျက်သွားတယ် ဆိုတော့လည်း အိမ်ဘက် မှာ လာကြည့်ဖို့ ဇွတ်သွားခေါ်တယ် ... ဒါပေမယ့် အရင်လိုတော့ အန်တီကြီးတို့အိမ်မှာ လက်တိုလက်တောင်းသွားမလုပ်ဖြစ်ကြတော့ဘူး ... ကူလုပ်စရာရှိလုပ်ပေးပေမယ့် အရင်ကလို ပိုက်ဆံယူပြီး အခိုင်းခံတာမျိုးတွေ တော့ မလုပ်ဖြစ်တော့ဘူး  အခြေအနေတွေကလည်း ပြောင်းသွားပြီကိုး။ 

 ပြီးတော့ အန်တီကြီး ရဲ့ သမီး ယူလိုက်တဲ့ ယောက်ျား ကို အမေက သိပ်ကြည့်မရဘူး...ရှင်းရှင်းပြောရရင် တဏှာရူးပုံစံ ဆိုတော့ အမေက ယုယုတို့ကို အဲဒီအိမ်ဘက်သိပ်မသွားခိုင်းဘူး ... ဒါပေမယ့် ရင်းနှီးတာတော့ မပျက်ဘူးပေါ့ 

ဇာတ်လမ်းရဲ့ တကယ့် အစလာပြီ 

အဲဒီနေ့က ညဘက်ကြီး ယုယု တစ်ရေးနိုးတဲ့ အချိန် အပေါ့သွားချင်တာနဲ့ အိမ်အနောက်ဖက်ကို တစ်ယောက်တည်းထွက်လာတာ  ... အိမ်သာ တက်နေတဲ့အချိန် အိမ်သာဘေးမှာ စကားပြောသံလိုလို အသံမျိုး တစ်ချက် တစ်ချက်ကြားရတယ် ။ ခြေသံ လည်း ကြားရသလိုလိုရှိတယ် ။ ဒါပေမယ့် ကိုယ့်အိမ်ကိုယ်ဝန်းဆိုတဲ့အသိနဲ့မကြောက်ဘူး ။ လေတိုးတာ ဒါမှမဟုတ် အကောင်ပလောင် တစ်ခုခုနေမှာလို့ပဲ စိတ်ကတွေးမိတယ် 

အိမ်သာကအထွက် မျက်လုံးထဲ ရိပ်ခနဲ မြင်လိုက်လို့ လှမ်းကြည့်လိုက်တော့ အိမ်ခေါင်မိုးအစွန်းနားမှာ ခြေထောက်ကြီးနှစ်ချောင်းက တွဲလွဲကျလို့ ...ခြေထောက်ပုံစံက မိန်းမခြေထောက် ...ယမ်းတောင် ယမ်းနေသေးတယ် ... အစကတော့ ကြောင်ပြီးကြည့်နေမိသေးတယ် ။ ပြီးမှ သတိဝင်ပြီး ပုံမှန်မဖြစ်နိုင်တာတွေးမိတော့ အိမ်ထဲကို သုတ်ခြေတင်ပြေးတာ ... အထဲရောက်တော့ ရင်ထဲတလှပ်လှပ်ဖြစ်အောင် လန့်နေတာနဲ့ ဘုရားစင်ပေါ်က ပရိတ်ရည်ဘူးယူပြီး သောက်လည်းသောက် ၊ ဖြန်းလည်းဖြန်း လုပ်လိုက်တယ် ။ ဒါလည်းအကြောက်မပြေသေးတာနဲ့ (ညီအစ်မ သုံးယောက် အိပ်တဲ့)အခန်းထဲ ပြန်မအိပ်တော့ဘဲ အမေ့အခန်းထဲဝင်အိပ်လိုက်တယ် ။ 

မနက် အမေတို့ကိုပြောပြတော့ သိပ်ဂရုထားလှတယ်မဟုတ်ဘူး ... ဒါနဲ့ ယုယုလည်း မေ့မေ့ပျောက်ပျောက်ပဲနေလိုက်တယ် ။ 

ဒါပေမယ့် ရက်ပိုင်းလောက်ကြာတော့ နည်းနည်းထူးခြားတာတွေ စဖြစ်လာတယ် ။ 

 မနက်ခင်း ထမင်းကြော်စားနေကြတဲ့အချိန်

"ညက ညည်းတို့တွေ အချိန်မတော်ကြီးမှ ဘာထလုပ်ကြတာလဲ...မနက်ဆွမ်းလောင်းဖို့ ထားတဲ့ ကြက်သားကြော်တွေလည်း အကုန်စားပစ်ကြတယ်"ဆိုပြီး ဆူတယ် ... ယုယုတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူလား ငါလား နဲ့ အကဲခတ်ပြီးမှ 

မာမာက 

"အမေကလည်း သမီးတို့ ထလည်း မထဘူး ... စားလည်း မစားပါဘူး "လို့ ပြောတော့ အမေကမယုံဘူး 

ဒါပေမယ့်လည်း အဲ့ကိစ္စက အဲလောက်ပဲ ။ 

နောက်တစ်ခေါက်က မာမာ ကြုံတာ ... အဲဒီနေ့က အထည်တွေ မပြီးသေးလို့ဆိုပြီး ညမိုးချုပ်ကြီးအထိ မာမာ တစ်ယောက်တည်း စက်ထိုးနေတာ   .... မာမာစက်ထိုးတဲ့နေရာက မီးဖိုကနေ အိမ်(အတွင်းဘက်)ကို အထွက် ထောင့်လေးမှာ ... ပြတင်းပေါက်က ဘေးမှာတစ်ပေါက် ၊ အနောက်မှာတစ်ပေါက်ရှိတယ် ။ ညမိုးချုပ်ကြီးဆိုတော့ ပြတင်းပေါက် ကို ဖွင့်မထားဘဲ လေနည်းနည်းဝင်အောင် ခပ်ဟဟလေးပဲ ထားထားတယ် 

မာမာ စက်ပန်းထိုးနေတုန်း အဲဒီပြတင်းပေါက်က ပိတ်လိုက် ပြန်ဟသွားလိုက်ဖြစ်လာတယ် ။ အစကတော့ အလုပ်မှာပဲ အာရုံရောက်နေလို့ သတိမထားမိသေးပေမယ့် နည်းနည်းကြာတော့ တံခါးအသံ တကျွိကျွိက နားငြီးလာတယ်  ... တကယ်ဆို တံခါးက လေမတိုက်ဘဲနဲ့ အချိန်အဆမှန်မှန်ကြီး ပိတိလိုက် ၊ဖွင့်လိုက် ဖြစ်နေကတည်းက ပုံမှန်မဟုတ်တာကို သတိထားမိခဲ့ရမှာ 

ဒါနဲ့ တံခါးပိတ်ထားလိုက်တော့မယ်ဆိုပြီး သွားပိတ်တော့ တံခါးက စေ့ခါနီးကျ အဆွဲခံထားရသလို တင်းခံနေပြီး ပိတ်မရဘူး ။ ပထမတော့ ဒီအတိုင်း ဇွတ်ဆွဲပိတ်နေပေမယ့် ... မရတဲ့အဆုံး ဘာလို့ပါလိမ့်ဆိုပြီး ပြတင်းပေါက် ကို ဖွင့်ကြည့်လိုက်တော့ 

"အမေ့ ဘာကြီးတုန်း ...အမလေး" 

မာမာ ရဲ့ အမလေးဆိုတဲ့ အသံက တကယ်ကို အကျယ်ကြီး စူးထွက်လာတာ 

မာမာမြင်လိုက်တာကဘာလဲဆိုတော့ ပြတင်းပေါက်အောက်ဖက်မှာ လုံးလုံးကြီးထိုင်နေတာ ၊ လက်တစ်ဖက်က နောက်ပြန်ကြီး ပြတင်းပေါက် တံခါးရွက်ကိုကိုင်ထားတယ်...အစကတော့ ဆံပင်စုတ်ထောင်းနဲ့ ကျောပြင်ကြီပဲမြင်ရတယ် ။ မာမာ့ရဲ့ "ဘာကြီးတုန်း"ဆိုတဲ့ အချိန်မှ လှည့်ကြည့်လာတာ...လှည့်ကြည့်တာလဲ ခေါင်းကြီးပဲ ၁၈၀' လိမ်ပြီးလှည့်လာတာ...ပြီးတော့ ဖျတ်ခနဲ မြင်လိုက်ရတဲ့ ခဏမှာတောင် မျက်နှာကြီးက ကြောက်စရာကောင်းအောင် ပုံပျက်ပန်းပျက်ကြီး ။ 

မာမာလည်း လန့်ပြီးနောက်ဆုတ်လိုက်တော့ ခုံနဲ့ တိုက်ပြီး ဟန်ချက်မထိန်းနိုင်ဘဲ ပက်လက်ကြီးလန်ကျရော

မာမာ့ အော်သံကြောင့် ယုယုတို့အကုန်နိုးပြီး ဘာဖြစ်တာလဲ မေးတော့ မာမာက အပြင်ဘက် လက်ညိုးထိုးလိုက် ဝူးဝူးဝဲ၀ဲတွေပြောလိုက်နဲ့ပေါ့ ။ 

ပြီးမှ ဘာဆိုတာသိရတော့ အမေကလည်း အံ့သြနေတာ...အမေဆို ဒီမြေဒီခြံမှာ မွေးကတည်းကနေလာတာ တစ်ခါမှ ဒါမျိုးမကြုံဖူးဘူးပေါ့ 

အဲလိုနဲ့ အားလုံးစိတ်ရှင်းအောင် အိမ်မှာ အန္တရာယ်ကင်းဆွမ်းကပ်လုပ်ပြီး အိမ်သန့်အောင် အိမ်ပတ်ပတ်လည်မှာ အောင်သပြေစည်းတွေ ညှပ်ပြီး တစ်အိမ်လုံးလည်း ကင်းပွန်းရည်နဲ့ လိုက်တောက်တယ် 

အဲဒီနောက်ပိုင်းတော့ ဘာမှ ထူးထူးဆန်းဆန်းမဖြစ်ပေမယ့် ... ယုယုတို့ စိတ်ထဲ ကျောမလုံသလို ခံစားချက်ကြီးက အမြဲရနေတာ...အထူးသဖြင့် မြင်လိုက်ရတဲ့ ယုယုနဲ့ မာမာပေါ့ ။ ညဆိုလည်း အခန်းထဲမှာ တစ်ယောက်ယောက်က လှုပ်လှုပ်ရှားရှားလုပ်နေသလိုပဲ..

ထကြည့်လိုက်ရင်ဘယ်သူမှ မရှိဘူး 

သုံးယောက်လုံး လှဲနေတာပဲ...ပြီးတော့ ပစ္စည်းတွေက ထားတဲ့နေရာမှာမရှိဘဲ ချောင်ထဲရောက်နေတာမျိုး ၊ ညက သေချာပိတ်ထားတဲ့ ပြတင်းပေါက်တွေက မနက်ဆို ဟောင်းလောင်းဖြစ်နေတာမျိုး ၊ ယုယုတို့ အိမ်ရှေ့ ရှိရင် အိမ်နောက်မှာ အသံထွက် ၊ အိမ်နောက်မှာရှိရင် အိမ်ရှေ့မှာအသံထွက်နဲ့ 

ပြောရရင် ကိုယ်မမြင်ရတဲ့ သူတွေနဲ့ တစ်အိမ်တည်းမှာ နေ နေရသလိုခံစားချက်ကြီး ... မမြင်ရပေမယ့် သူတို့ရှိနေတယ်ဆိုတာ သေချာနေတဲ့ စိတ်ခံစားမှုမျိုးပေါ့ ။ 

အဲလိုနဲ့ တစ်ရက် ယုယုတို့ သားအမိတွေ အိမ်သန့်ရှင်းရေးလုပ်နေကြတုန်း ဘေးအိမ်ကအန်တီကြီးက လက်ဖက်သုပ်လာပို့တယ် ။ လက်ဖက်သုပ်က ငံပြာရည် နဲ့ ပုစွန်ခြောက်ပါတော့ ယုယုနဲ့ အမေက(မွေးရက် သားသတ်လွတ်စားတာမလို့) မစားလိုက်ဘူး ။ 

 ညနေဆို မာမာတို့ဆိုင်ရှင် သူဌေးမ က ဝန်ထမ်းတွေကို ဘုရားဖူးလိုက်ပို့တာ လိုက်သွားမှာမလို့ မာမာကလည်း ဗိုက်နာမှာကြောက်လို့မစားဘူး 

တင်တင်ကပဲ အဝတ်တွေခေါက်လိုက် လက်ဖက်သုပ်စားလိုက်နဲ့ တစ်ယောက်တည်းစားပစ်လိုက်တာ 

နောက်တစ်ရက်ကျတော့ တင်တင် တမှိုင်မှိုင် စဖြစ်လာတယ် ... နေ့ခင်းဖက်ဆို သိပ်နေလို့မကောင်းဘူးဆိုပြီး ဈေးလည်းမရောင်းဘူး  အခန်းထဲကလည်းမထွက်ဘူး ... ညနေစောင်းမှ အိမ်ရှေ့ထွက်ထိုင်တယ် ။ ညစာ စားရင်လည်း ယုယုတို့နဲ့ အတူမစားဘူး ။ စားချင်စိတ်မရှိသေးလို့ ဆိုပြီး မစားဘဲ ည လူခြေတိတ်ချိန် ယုယုတို့အိပ်ပြီဆိုမှ ထစားတယ် ။ စားရင်လည်း မနက်ဆွမ်းလောင်းဖို့ ချက်ထားတဲ့ဟင်းတွေပါ စားပစ်တာ 

အမေ ဆူတော့လည်း ပြန်မပြောနားမထောင်နဲ့ အရေးစိုက်ပုံမပေါ်ဘူး...ဒါနဲ့ ပြောမရတဲ့အဆုံး အမေက ဟင်းကို နေရာပြောင်းထားတယ် ...ဒါလည်း မရဘူး ...မနက်ဆို ပြောင်သလင်းခါပဲ ။ 

အမေက စိတ်တွေတိုပြီး ပြောဆိုနေရင်လည်း အမေ့မျက်လုံးကိုသေချာကြီးစိုက်ကြည့်ပြီး မပြုံးမမဲ့နဲ့ ခပ်တည်တည်ခပ်ငူငူကြီး ပဲ 

 ညဘက် TV ကြည့်ကြရင် တင်တင်က TV မကြည့်ဘဲ အမေနဲ့ယုယုကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေတာ 

အမေက 'အကြီးမ ဘာကြည့်နေတာလဲ"လို့ မေးရင်လည်း ပြန်မဖြေဘဲ မျက်လုံးရွဲကြီးနဲ့ပဲ မျက်တောင်မခတ်ကြည့်နေတယ် 

အဲလိုနဲ့ မာမာ ဘုရားဖူးသွားတာ ၄ရက်မြောက်ည 

အခန်းထဲမှာ ယုယုနဲ့ တင်တင်ပဲ အိပ်ကြတာပေါ့ ... အရမ်းအိပ်မောကျနေတဲ့အချိန် အိပ်မက်ကြောင့်ပဲလား တစ်ခုခုကြောင့်ပဲလားမသိ ၊ ယုယု တစ်ယောက် အမြင့်ကြီးကနေ ပြုတ်ကျသလို ရင်ထဲအေးခနဲဖြစ်သွားပြီး လန့်နိုးလာတာ 

နိုးတဲ့အချိန် ဘာရယ်မဟုတ် မျက်လုံးဖွင့်ပြီး ကြည့်မိလိုက်တော့ 

ဘေးမှာ တင်တင်က ဘေးတစောင်းအနေအထားနဲ့ လက်တစ်ဖက်ထောက်ထားတဲ့အပေါ် ခေါင်းပြုရင်း ယုယုကို စိုက်ကြည့်နေတယ် 

ကြည့်တာကလည်း မျက်လုံးကြီးပြူးထာပြီး ... မျက်ထောင့်တွေကလည်း နီနေသေးတာ ...မျက်နှာကလည်း ပြုံးမှာလိုလို မဲ့မှာလိုလိုနဲ့မလို့ ယုယုစိတ်ထဲတစ်မျိုးကြီးဖြစ်သွာပြီး 

'မကြီး ' လို့ ခေါ်ကြည့်လိုက်တော့ မျက်လုံးပြူးကြီးနဲ့ပဲ မေးကြီးထိုးပြီး ပါးစပ်စေ့မပျက် "ဟင်"ဆိုပြီး ထူးတယ် .. 

'မအိပ်သေးဘူးလား ဘာလုပ်နေတာလဲဆိုတော့'

ပါးစပ်ပိတ်ရင်း တဟင်းဟင်းနဲ့ တစ်ချက်ချင်း ရယ်တယ် ... ပြီးတော့ တဖြည်းဖြည်း ချင်း တစ်ဖက်လှည့်သွားပြီး ပွစိပွစိတွေ ပြောနေပြန်ရော 

ယုယုလည်း ထူးခြားတာတော့သိပေမယ့် ကိုယ့်အစ်မပဲဆိုတော့ သိပ်မကြောက်မိဘဲ ပြန်အိပ်လိုက်တယ် 

နောက်ရက်  ...ညနေပိုင်းလောက်မှာ အမေက အိမ်ရှေ့ဆိုင်သိမ်းနေတုန်း ၊ ယုယုက ရေချိုးဖို့ အိမ်နောက်ဖေး ဘက် ဝင်လာတာ 

အဲဒီအချိန် တင်တင်က ထဘီရေလျားကြီးနဲ့ ရေကန်မှာ ထိုင်ပြီး ပုံစံက တစ်ယောက်ယောက်ကိုရေလောင်းပေးနေသလို စကားပြောလိုက် ၊ ဘယ်သူမှမရှိတဲ့ဘက် ရေလောင်းချလိုက်နဲ့ 

ဒါနဲ့ ယုယုက 

"မကြီး အဲဒါ ဘာလုပ်နေတာလဲ"ဆိုတော့ ယုယုကို ဆတ်ခနဲလှည့်ကြည့်ပြီး 

"ရေချိုးပေးနေတာလေ ...နင်ကန်းနေလား ကောင်မရဲ့"ဆိုပြီး ျဒါကြီးမောကြီး ဖြေရင်း ပါးစပ်က တောက်လည်း ခေါက် ၊ လက်ကလည်း ယုယုကို စတီးခွက်နဲ့ လှမ်းပေါက်တယ် 

ယုယု ခေါင်းတိမ်းရှောင်လိုက်တော့ ပခုံးစွန်းကိုပဲမှန်သွားတယ်.. ငယ်ငယ်ကတည်းက အခုချိန်ထိ တင်တင်က အငယ်တွေအပေါ်ဒါမျိုးလုပ်ဖူးတာမရှိတော့ ယုယုလည်း ဝမ်းလည်းနည်း စိတ်လည်းတိုပြီး ငိုယိုရင်း အမေနဲ့သွားတိုင်ပြောတယ် 

အမေကတော့ တင်တင့်ပုံစံကြည့်ပြီး စိတ်ထဲသိပ်ဘဝင်မကျတော့တာနဲ့ နည်းနည်းပါးပါးပဲ ငေါက်တယ် ။ ပြီးတော့

"အကြီးမ ညည်း ည ငါနဲ့ပဲ လာအိပ်တော့ "လို့ ခပ်မာမာပြောတော့  ခေါင်းမငြိမ့် ခေါင်းမခါနဲ့ ခေါင်းကြီးစောင်းပြီး အမေ့ကို စိုက်ကြည့်နေပြန်ရော  

ဒါနဲ့ ညအိပ်ကြမယ်ဆိုတော့  ... တင်တင်က အမေ့အခန်းထဲ မသွားသေးဘဲ ကုပ်ချောင်းကုပ်ချောင်းနဲ့ (ယုယုတို့)အခန်းထဲဝင်လာတယ် 

ပြီးတော့ နောက်ကိုလှည့်ကြည့် လှည့်ကြည့် လုပ်ပြီး လက်ယပ်ခေါ်ေနေသေးတာ  ... ပါးစပ်ကလည်း 

"လာ ...သမီး...လာ...မေမေက ဟိုဘက်အခန်းသွားအိပ်ရမှာ...သမီး ဒီည ဒီကောင်မနဲ့အိပ်လိုက် လာ ဝင်ခဲ့" ဆိုပြီးပြောတယ် 

တစ်ယောက်ယောက်ကိုနေရာပေးနေသလို ပုံစံလုပ်ပြီး စိတိကျေနပ်ပြီဆိုမှ ယုယုကို မျက်စောင်းထိုးပြီး ထွက်သွားတယ် ။ 

ယုယုကတော့ တင်တင်ဘာတွေလုပ်နေလဲ နားမလည်ဘဲ တအံ့တသြကျန်ခဲ့တာပေါ့

အဲလိုနဲ့ည 

ယုယုအိပ်ပျော်နေတဲ့အချိန် မျက်နှာကို လေနဲ့မှုတ်သလိုလို အမှုတ်ခံရလို့ နိုးလာတယ် ။

ဒါပေမယ့် ယုယုအရမ်းအိပ်ချင်နေတော့ မျက်လုံးဖွင့်မကြည့်ဘဲ ပြန်အိပ်ဖို့ကြံတုန်း နဖူးကို ဖြန်း ခနဲအနေအောင် အရိုက်ခံလိုက်ရတယ် 

နာလည်းနာ လန့်လည်းလန့်ပြီး ယုယုမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် မြင်လိုက်ရတာကြောင့် တစ်ကိုယ်လုံးက သွေးတွေကို အေးစက်သွားသလိုပဲ 

ဘေးမှာ ယုယုမျက်နှာနဲ့ အနီးဆုံးအနေအထားနဲ့ လက်နှစ်ဖက်ထောက်တဲ့အပေါ်မေးတင်ထားရင်း ပြူးတူးပြဲတဲကြီး ငုံ့ကြည့်နေတဲ့ ကလေးမလေး 

ကလေးမလေးဆိုပေမယ့် ၁၂နှစ် ၁၃နှစ်ဝန်းကျင်အရွယ်မျိုး ... မျက်နှာက ပြောင်ကြီး  ...မျက်လုံးနှစ်လုံးပဲ မဲမဲပြူးပြူးကြီး ရှိနေတာ  

လည်ပင်းစောင်းကြီနဲ့ ယုယုကိုငုံ့ကြည့်နေတာ ... ယုယုလည်း အသားကုန်အော်တာပေါ့ ...ဒါပေမယ့် အသံ လုံးဝကိုမထွက်တာ...လူကသာ အားကုန်သုံးအော်နေပေမယ့် ပါးစပ်တွေက ထုံနေသလို လေးပင်နေပြီး ဘာအသံမှထွက်မလာဘူး 

ယုယုအော်နေတော့ ကလေးသရဲက ထခုန်တာ...ဆံပင်ကြီးကလည်းအရှည်ကြီးပဲ...လူတွေခုန်သလို တစ်ချက်ချင်မဟုတ်ဘဲ အရုပ်ကိုကြိုးဆွဲနေသလို ပျော့လဖတ်ကြီး ခပ်မြန်မြန် မြောက်လိုက် ပြန်ကျလိုက်နဲ့ 

ဘယ်လိုကြောက်စရာကောင်းမှန်းကိုမသိဘူး ... ယုယုလည်း အော်တာဘယ်လိုမှအော်မရတော့ ခေါင်းရင်းက ဓာတ်မီးကိုလှမ်းယူပြီး ကွပ်ပျစ်ကို တဒုန်းဒုန်းထုတော့တာပဲ 

အဲလိုထုပြီး တစ်အောင့်လေးမှာပဲ အမေ့အခန်းဘက်ကနေ ယုယုဆီလာတဲ့ ခြေသံတွေကြားတော့ ကလေးသရဲက နောက်ဆုတ်ပြီး သေတ္တာတွေထားတဲ့နာက ဖျာလိပ်ထဲ ဝင်သွားတယ် ... အမေနဲ့တင်တင်ရာက်လာတော့ ယုယုတစ်ကိုယ်လုံး ချွေးတွေစိုရွှဲပြီး ခြေထောက်တွေလက်တွေ အေးစက်နေပြီ 

အမေက ယုယုကို နှာနှပ်ပြီး အလုပ်ရှုပ်နေတဲ့အချိန် တင်တင်က အခန်းထောင့်ကဖျာလိပ်ဘက်ကြည့်လိုက် ၊ ယုယုကို စားတော့ဝါးတော့မလို ဒေါသတကြီးကြည့်လိုက်နဲ့ 

အဲဒီအချိန်က တင်တင့်ပုံစံက တကယ်ကိုကြောက်စရာကြီး ... အမေကလည်း ယုယုခေါင်းကို ကိုင်ပြီး ဘုရားစာတွေ ရွတ်နေရင်းက တင်တင့်ပုံစံ ရိပ်မိသွားတယ် ... တင်တင်ကတော့ တရှူးရှူးမြည်အောင် ဒေါသတွေထွက်ရင်း ပါးစပ်ကလည်း လှုပ်ရုံလေးလှုပ်ပြီး ကျိန်ဆဲနေသလိုပုံစံမျိုး 

အဲလိုနဲ့ အဲဒီညက သုံးယောက်သား မိုးလင်းပေါက်ပဲ...နောက်တနေ့ကစပြီး တင်တင့်ပုံစံကထိန်းမရတော့ဘူး ... သူ့ဆံပင်တွေသူ နှုတ်လိုက် စားလိုက် လုပ်တယ်...လက်သည်းတွေ ခြေသည်းတွေကိုက်ပြီး စားတယ် ။ ပုံစံကလည်း နဂိုနဲ့ဘာမှမဆိုင်တော့ဘူး ။

မာမာကလည်း ပြန်ရောက်တော့ တင်တင့်ပုံစံကြည့်ပြီးမယုံနိုင်ဘူး ... စကားပြောတဲ့အသံကအစ နှစ်သံထပ်ထွက်လာတဲ့အထိဖြစ်လာတယ်

ဒါနဲ့ အမေက အသိတစ်ယောက်ကိုပြောပြအကူအညီတောင်းတော့ ... အဲဒီအသိအဆက်အသွယ်နဲ့ အထက်လမ်းဆရာ တစ်ယောက်ကို အိမ်ပင့်တယ် 

ပင့်လာတဲ့နေ့ကဆို တင်တင် အိမ်ထဲမှာ သောင်းကျန်းပုံက လက်လန်တယ်...ပစ္စည်းတွေအကုန် ပစ်ပေါက် ကန်ကျောက်တာ ... ဆရာကလည်း ကြမ်းတယ် လုံးဝမလျှော့ဘူး ။ 

"ဘယ်သူလုပ်တာလဲ မေးတယ်"

တင်တင်ကလည်း တင်းခံပြီး လုံးဝမဖြေဘူး..တံထွေးတဲ့ပက်တယ် ၊ မတော်တရော်တွေ ပုတ်ပြတယ် ။ နောက်ဆုံး ဆရာက အိမ်အနောက်ဖက်လက်ညိုးထိုးပြီး "နောက်က ကောင်မကို ငါ ခေါ်ရိုက်ရမလား ...နင်မဖြေရင် အဲ့ကောင်မကို မီးရှို့ပစ်မှာ"လို့ ပြောတော့ တင်တင်မျက်လုံးကြီး ရဲလာတယ် 

ကြမ်းနဲ့ခေါင်းနဲ့ဆောင့်တယ် ... သူ့ပါးတွေသူရိုက်တယ် ...နောက်ဆုံးဆရာက ကြိမ်လုံးကိုင်ပြီး အနောက်ဘက်သွားဖို့ပြင်မှ 

အသံပြာအက်အက်ကြီးနဲ့ "ပြောမယ် ပြောမယ်"လို့ အာခေါင်ခြစ်အော်တာ 

ပထမဆုံး' သူတို့ သားအမိက ဘယ်လမ်းမှာ ကားမှောက်ပြီးသေတယ်ဆိုတာအရင်ပြောတယ် ၊ အဲ့ဒီ သေတဲ့နေရာနားက အပင်မှာကပ်နေ နေတုန်း သူတို့ကို အစာကျွေးမယ် ၊ နေစရာပေးမယ် ခိုင်းတာလုပ်ပေးရမယ်ဆိုပြီး အောက်လမ်းသမား တစ်ယောက်ကခေါ်မွေးထားတာလို့ 'ပြောတယ်

ဆရာကလည်း "ငါနင်တို့အကြောင်းတွေ မသိချင်ဘူး...နင်တို့ကို ဘယ်သူကခိုင်းတာလဲ ဘယ်သူ့ပညာလဲလို့မေးတယ် 

တင်တင်က အန်တီကြီးတို့အိမ်ဘက်ကို လက်ညိုးထိုးပြပြီး 

"သူတို့သိတယ်...သူတို့ဆီကနေ လိုက်ခိုင်းတာ"လို့ပြောတော့ ယုယုတို့တွေ တကယ်ကိုမယုံနိုင်ဘူး ... အမေဆို မျက်လုံးအဝိုင်းသားနဲ့ ဘာစကားမှကိုမပြောနိုင်ရှာဘူး 

နောက်ဆုံး ဆရာက "အေး နင်တို့ အပင်း နင်တို့ပြန်ယူ...သွင်းခိုင်းတဲ့ သူတွေကိုပြန်ပေးလိုက် ... ခိုင်းတဲ့သူရော ၊ နင်တို့ဆရာရော ပြန်တိုက်"လို့ ပြောပြီး မန်းရေသောက်ခိုင်းတယ် 

သောက်ပြီး ခဏလောက်မှာတင် တင်တင်တစ်ယောက် အန်တော့တာပဲ...အန်တဲ့ထဲမှာ ကလေးသွားလို သွားတွေရော ၊ စိမ်းပျစ်ပျစ်တွေရော ... အနံ့ကလည်း အပုပ်နံ့လိုကြီး နံစော်နေတာ 

အဲလိုနဲ့ အိမ်မှာဝင်နေတဲ့ အမှောင့်ပယောဂကို ဆရာ့အကူအညီနဲ့ပဲ အပြီးသတ်နှင်လိုက်တယ် ...တင်တင်ကတော့ ချက်ချင်းပျော့ခွေပြီး ဖြုဖတ်သွားတာ 

အဲ့ကျမှ လူခန္ဓာကုဖို့ ဆရာဝန်ကိုထပ်အားကိုးရတယ် 

နောက်ညကျတော့ အန်တီကြီးတို့အိမ်ဘက်မှာ ငိုသံတွေ ၊ အော်သံတွေရော ထွက်လာတော့တာပဲ ... အမေကတော့ မသေချာတဲ့ အချက်အလက်နဲ့ သူများကိုသွားမစွပ်စွဲချင်ဘူး ဆိုပြီး ဘာမှမပြောဘူး 

အန်တီကြီးတို့ကတော့ ရက်ပိုင်းလောက်နေတော့ သုံးယောက်လုံး ကားတစ်စီးနဲ့ ထွက်သွားတာ ရက်အတော်ကြီးကြာမှ ပြန်ရောက်တယ် ... ပြန်ရောက်ကတည်းက အန်တီကြီးသမီး က ဆေးရုံဆေးခန်းနဲ့ အိမ်ကို တံတားထိုးရမတက် ကူးချည်သန်းချည်ပဲ ... အန်တီကြီးကလည်း အရင်လိုမဟုတ် နည်းနည်းကြောင်တောင်တောင်လိုကြီးဖြစ်သွားတယ် 

တိုက်ဆိုင်တာပဲလား လို့တွေးချင်ပေမယ့် သေချာတဲ့အကြောင်းတစ်ခုထွက်လာတယ် 

အန်တီကြီတို့အိမ်မှာ အဝတ်လျှော် ချက်ပြုတ်လုပ်ပေးတဲ့ ရပ်ကွက်ထဲက မိန်းမတစ်ယောက် ယုယုတို့ကို ပြန်ပြောပြတာက

ယုယုတို့အိမ်ပြင်ဆောက်ပြီး အဆင်ပြေသွားကတည်းက အန်တီကြီးတို့က ယုယုတို့ကိုသိပ်မကြည်တော့ဘူး 

ဟင်းလာပို့ရင်လည်း ရှေ့တော့ ပြုံးပြုံးရွှင်ရွှင်ပဲ ဆက်ဆံပေမယ့် ကွယ်တာနဲ့ 

"မနေ့တနေ့ကမှ စားနိုင်သောက်နိုင်ပြီး ဒီအဆင့်လောက်နဲ့ သောက်ကြွားလာထူတာ...စေတနာရှိလို့ လာပို့တာမဟုတ်ဘူး ... အလကား ပတ်ကြွားချင်နေတာ"

တီဗွီခေါ်ပြတဲ့နေ့ကလည်း 

"ကောင်မတွေက တစ်သက်လုံက အိမ်က TV လာကပ်ကြည့်ပြီး အခုမှ သောက်ကြီးသောက်ကျယ် ... သူတို့မှာရှိကြောင်း သေချာခေါ်ပြချင်တာ...ခွေးရူးကောင်းစားတစ်မွန်းတည့်ပါ့ " 

ယုယုတို့ ဘာဝယ်လဲ ၊ ဘာလုပ်လဲ စောင့်ကြည့်ပြီး တစ်ချိန်လုံး မနာလိုစိတ်နဲ့လောင်မြိုက်နေကြတဲ့ နောက်ဆုံး မလိုတမာစိတ်ကိုမထိန်းနိုင်ဘဲ အောက်လမ်းနဲ့ပြုစားတဲ့အဆင့်ထိရောက်သွာကြပုံပဲ

နောက် နှစ်နည်းနည်းကြာတော့ သားအမိနှစ်ယောက်လုံး လပိုင်းပဲခြားပြီး ဆုံးသွားကြတယ် တဲ့

သူတို့ပညာ သူတို့ပြန်စူးတဲ့သဘော ပဲပေါ့ 

(Admin ကို ဒီအကြောင်းပြောပြပေးတဲ့ 'ယုယု'ကတော့ အခုဆို အန်တီကြီးအရွယ်ဖြစ်နေပြီ )

 ဒီအကြောင်းလေး စသိတုန်းက admin တကယ် သင်ခန်းစာရမိတယ်... တချို့တွေက ကိုယိ့ထက်နိမ့်ကျတဲ့သူတွေအပေါ် ကရုဏာတော့ထားနိုင်ပေမယ့် ၊ ကိုယ့်ထက်သာသွားတဲ့အချိန်မျိုးမှာတော့ မုဒိတာပွားပေးနိုင်ဖို့ စိတ်မထားတတ်ကြဘူး ။ မနာလိုစိတ်က တကယ် ပူလောင်ပြီး ကြောက်စရာကောင်းတယ်။ကိုယ်မနာလိုတဲ့သူ ကိုယ့်ကြောင့် မပူရခင်မှာလည်း...ကိုယ်တိုင်က ကိုယ့်မနာလိုစိတ်နဲ့ကိုယ် ပူလောင်နေကြရမှာ 

 လူ့ဘ၀ ခဏတာမှာ ဒီလိုအပူမီးတွေကိုရင်ထဲထည့်ပြီးရှင်သန်နေတဲ့သူတွေက တကယ်သနားဖို့ကောင်းတယ်လို့ပဲမြင်တယ် 

ကိုယ့်  owls တွေကတော့ တတ်နိုင်သမျှ စိတ်ရောလူရော အေးချမ်းအောင်နေဖို့ ကြိုးစားကြပါ...ဘဝဆိုတာ တကယ့်ကို တိုတောင်းလွန်းတယ် 

ကဲ ဒီညတော့ ဒီလောက်ပဲနော် 

Don't forger to like,share and support "The Midnight Diary "နော် 

မနက်ဖြန်လည်း သရဲစာတိုတွေအများကြီးဖတ်လို့ ရအောင်ဖန်တီးပေးမယ် 🖤

ကျေနပ်လိုက်ကြဦး...လောလောဆယ် အချိန်မတော်ကြီး  ဘေးမှာ လာထိုင်ကြည့်နေရင်တော့ မပြောတတ် 👻

GN ,my owls 

Sep19,2021

Myra

No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်