စာကြည့်တိုက်မှူးအောင်သူ


 ဒီနေ့ညအတွက် စပြောပြပြီ 


(စကားမစပ် ရာသီတုပ်ကွေးတွေအရမ်းဖြစ်နေကြတယ်နော် ... ဂရုစိုက်ကြပါဦး ... ဖြစ်ရင် တော်တော်ခံရတယ် ကြားနေလို့ ကိုယ့်လူတွေအတွက် စိတ်ပူတယ် )


တကယ် စပြောပြီနော် 👻


သူ့နာမည်က အောင်သူ 


ငယ်ဘ၀ကို မိဘရဲ့ ဇာတိရွာမှာပဲ ကြီးပြင်းခဲ့ပြီး ဆယ်တန်းအောင်မှ ရွာနဲ့အနီးဆုံးမြို့မှာ (အဝေးသင်)တက္ကသိုလ်ဆက်တက်ဖြစ်တယ် ။ 


မိဘတွေက တကယ့်ကို တောသူတောင်သားရိုးရိုးကြီးတွေဖြစ်တဲ့အပြင် ငွေရေးကြေးရေးကလည်း အဆင်ပြေတဲ့ထဲမပါဘူး ။ ဒါပေမယ့် အောင်သူ က ဆယ်တန်းကို ဂုဏ်ထူး ၂ဘာသာနဲ့အောင်တော့ မိဘတွေက တက္ကသိုလ်ဆက်တက်စေချင်ကြတယ် ။ အဝေးသင်ယူမယ်ပြောတာလည်း မရဘူး ။ မြို့ကိုလွှတ်ပြီး ကျောင်းတက်စေချင်ကြတယ် ။ အောင်သူကလည်း လူငယ်ပီပီ တက္ကသိုလ်(day)တက်ချင်တဲ့စိတ်က အပြည့်ရှိပေမယ့် မိဘတွေ အဆင်မပြေမှန်းသိတော့ မတက်ရက်ပြန်ဘူး ။ 


ဒါနဲ့ နောက်ဆုံး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးဖို့ အောင်သူ အဝေးသင်ပဲ တက်ဖို့ဆုံးဖြတ်လိုက်တယ် ။ ကျောင်းမတက်ခင် ကြားကာလမှာတော့ ဒီအတိုင်းကြီး မနေချင်တာနဲ့ မြို့ဘက်မှာ အလုပ်လုပ်ဖို့စဉ်းစားတယ် ။ 


ပထမပိုင်း ရွာနဲ့မနီးမဝေးကျတဲ့ မြို့စွန်က စတိုးဆိုင် တစ်ဆိုင်မှာ အလုပ်စလုပ်တယ် ။ ဆိုင်ရှင်က ဆက်ဆံရေးသိပ်အဆင်မပြေတဲ့အပြင် ဆိုင်အလုပ်မဟုတ်တဲ့ တခြားကိုယ်ရေးကိုယ်တာကိစ္စတွေပါ ခိုင်းနေတာနဲ့ အောင်သူလည်း ပထမတစ်လပြီးတာနဲ့ အလုပ်ထွက်လိုက်တယ် ။ အဲဒါနဲ့ နောက်အလုပ်တစ်ခုရှာရတာပေါ့ ။ 


အလုပ်တွေကလည်း ဘွဲ့ရရင်လည်းရပြီး ဒါမှမဟုတ်ရင်လည်း ဘွဲ့မရတဲ့အလုပ်တွေကျပြန်တော့ ကျောင်းသားဆိုသိပ်လက်မခံချင်ကြဘူး ။ ဒီလိုနဲ့အလုပ်ရှာမရဖြစ်နေတုန်း အောင်သူ့အကြောင်းသိသွားတဲ့  ဆယ်တန်းတုန်းက ဆရာမကြီးတစ်ယောက်က (ဘုန်းကြီးတစ်ပါး ဖွင့်ထားတဲ့ ပညာဒါန )စာသင်တိုက်တစ်ခုမှာ  အငယ်တန်းတွေကို အချိန်ပိုင်း စာပြပေးဖို့ ဆရာလိုကြောင်းပြောတယ် ။ 


ဒါကြောင့် တကယ်လို့ အောင်သူ လုပ်ချင်တယ်ဆိုရင် စာသင်တိုက်က ကျောင်းထိုင် ဘုန်းကြီးဆီ ဆရာမကြီး က လျှောက်ပေးမယ် ပေါ့ ။ 


အောင်သူလည်း လုပ်ချင်တာမလို့ ဆရာမကြီး နဲ့အတူ ဘုန်းဘုန်းဆီ သွားတွေ့တယ် ။ ဒါပေမယ့် အောင်သူပဲ ကံမကောင်းတာလားမသိ ။ အောင်သူ သွားတဲ့နေ့ မနက်ခင်းကတင် ဘုန်းဘုန်းက နယ်ကလာတဲ့ ဆရာမတစ်ယောက်ကို အလုပ်ခန့်ပြီးသွားပြီ ။ အဲဒီ ဆရာမက အချိန်ပိုင်း စာသင်ပေးမယ့်အပြင် စာကြည့်တိုက်စောင့်ပါလုပ်ရင်း ကျောင်းနေကျောင်းစား နေပြီးပါ စာသင်ပေးမှာမလို့ ပိုအဆင်ပြေလို့ ခန့်လိုက်တာလို့ပြောတယ် ။ 


ဒါနဲ့ အဆင်မပြေဖြစ်သွားတော့ အောင်သူလည်း ရွာပဲပြန်ရတာပေါ့ ။ အလုပ်ကလည်း ဘယ်လိုမှရှာမရတဲ့အဆုံး အိမ်မှာနေရင်း အဖေနဲ့အမေ ကို ပဲ ကူညီလုပ်ကိုင်ပေးနေလိုက်တယ် ။ 


နှစ်ပတ်လောက်ကြာတော့ ဆရာမကြီး က လူကြုံနဲ့ စကားပါး လာတယ် ။ အရင်တစ်ခါ စာသင်တိုက်မှာပဲ စာသင်ပေးဖို့ လူလိုတဲ့အကြောင်း ၊ စာကြည့်တိုက်စောင့်အလုပ်ပါလုပ်နိုင်ရင် ပိုအဆင်ပြေကြောင်း ပေါ့ ။ 


နေစရာ ၊ စားစရာပါ အဆင်ပြေမယ့်အပြင် လစာလည်းရမှာဆိုတော့ အောင်သူလည်း လုပ်မယ်ဆိုပြီး မြို့ပြန်တက်လာတယ် ။ 


စာသင်တိုက်က ဘုန်းကြီးကျောင်း၀န်းနဲ့ ကပ်လျက် ပဲ ။ သုံးထပ်ဆောင်ကြီး ဆောက်ထားပြီး အပေါ်ဆုံးအထပ်မှာက သီလရှင်တွေနဲ့  (စောင့်ရှောက်ရေး ဂေဟာက) မိန်းကလေး တွေ နေ တယ် ။( မိန်းကလေးတွေ နေတဲ့ နေရာဖြစ်နေလို့ ဘုန်းဘုန်းက အစပိုင်းမှာ ယောက်ျားလေး စာကြည့်တိုက်မှူး အလုပ်မခန့်ချင်တာ ) 


အလယ်ထပ်နဲ့ အောက်ထပ်ကတော့ စာသင်ခန်းတွေပေါ့ ။ အောက်ဆုံးထပ် ဘယ်ဘက်အခြမ်းထောင့်မှာက စာကြည့်တိုက် ရှိတယ် ။ အောင်သူနေရမယ့် အခန်းက စာကြည့်တိုက်နဲ့တွဲလျက် အခန်းလေး ။ နဂိုကတော့ စာဖတ်ခန်းပုံစံမျိုး ထားတဲ့အခန်းကိုမှ နောက်ကျတော့ ဒီအတိုင်း အခန်းလွတ်ပဲ ထား ထားတာ ။ 


အဲလိုနဲ့ အောင်သူ စာကြည့်တိုက်မှူး အဖြစ် အလုပ်စ၀င်ဖြစ်သွားတယ် ။ နေမယ့်အခန်းကိုလည်း သန့်ရှင်းရေးလုပ်ပြီး ပစ္စည်းလေးတွေနေရာချဖို့ ပြင်တာပေါ့ ။ အခန်းရှင်းတော့ ကုတင်အောက်မှာ ခရီးဆောင်လက်ဆွဲအိတ်တစ်လုံးတွေ့တယ် ။ အိတ်က ဇစ်နေရာမှာ သော့ခတ်ထားတဲ့အပြင် ကိုယ့်ပစ္စည်းလည်းမဟုတ်တော့ အောင်သူလည်း ဖွင့်မကြည့်တော့ဘဲ ကုတင်အောက်ပဲ ပြန်သွင်းထားလိုက်တယ် ။ 


စာကြည့်တိုက်က မနက် ၉နာရီကနေ ညနေ ၆ နာရီထိ ဖွင့်တယ် ။ ၆နာရီထိုး စာကြည့်တိုက်ပိတ်ပြီးရင် အောင်သူ ရေချိုး ၊ ထမင်းစား ခဏနားပြီး ည ၇နာရီဆို စာသင်ဆောင်ပေါ် စာသွားသင်ရပြီ ။ အငယ်တန်းလေးတွေပဲ အိမ်စာကူပေးရတာဆိုတော့ အောင်သူ့အတွက် သိပ်တာ၀န်မကြီးဘူး ။ ကလေးတွေထိန်းရခက်တာမျိုးတာတော့ ရှိတာပေါ့လေ ။ 


အဲလိုနဲ့ ရက်ပိုင်းလောက်ကြာပြီးတဲ့တစ်နေ့ ... 


အဲဒီနေ့က စနေနေ့ညမလို့ စာကြည့်တိုက်က ည ၈နာရီမှ ပိတ်ပြီး ... စာသင်တန်းကလည်း ပိတ်တယ် ။ 


စာကြည့်တိုက်ပိတ် ၊ ရေချိုးပြီးတော့ အချိန်က ၈နာရီခွဲလောက်ရှိပြီ ... ရေချိုးပြီး အပြန်အခန်းထဲမှာ အ၀တ်အစားလဲနေတုန်း စာကြည့်တိုက်ဘက်ကနေ ခြေသံကြားရတယ် ။ ခြေသံက ဆောင့်ကြီးအောင့်ကြီး သွားနေသလို ခပ်ပြင်းပြင်းရယ် ။ 


အောင်သူလည်း "ငါ တံခါးမပိတ်ခဲ့ရတာများလား"ဆိုပြီး ဇဝေဇ၀ါဖြစ်သွားတယ် ။ ရေချိုးပြီး ပြန်၀င်အလာမှာ တံခါးပိတ်ခဲ့၊မပိတ်ခဲ့ကို စိတ်ထဲမှာ နည်းနည်း ေ၀၀ါးဝါး ဖြစ်နေတာပေါ့ ။ ( အခန်းထဲ၀င်မယ်ဆို စာကြည့်တိုက် တံခါးမကြီး ဘက်က ၀င်လာမှ ရတာ)


ဒါနဲ့ အခန်းပြတင်းပေါက် ကနေ လိုက်ကာဖယ်ပြီး စာကြည့်တိုက်ထဲလှမ်းကြည့်လိုက်တော့ အလယ်စင်က စာဖတ်ခုံနားမှာ မိန်းမတစ်ယောက်မတ်တပ်ရပ်နေတယ် ။ စာကြည့်တိုက် အခန်းထောင့်က မီးချောင်းတစ်ချောင်းဖွင့်ထားတယ်ဆိုတော့ မြင်တော့မြင်ရပေမယ့် အရမ်းပြတ်ပြတ်သားသားတော့မမြင်ရဘူး ။ အဲဒီမိန်းမ အင်္ကျီအဖြူ၀တ်ထားတယ်ဆိုတာတော့ သေချာမြင်ရပေမယ့် ထဘီအရောင်တော့သေချာမမြင်ရဘူး ။ 


ကျောပေးရပ်နေရာကနေ စာအုပ်စင်တွေကြား လမ်းလျှောက်၀င်သွားတယ် ။ ဒါနဲ့ အောင်သူလည်း "စာကြည့်တိုက် ပိတ်ပြီ "ဆိုတာပြောဖို့ ပုဆိုးအမြန်ကောက်စွပ်ပြီး စာကြည့်တိုက်ဘက် ၀င်ခဲ့လိုက်တယ် ။ အဲဒီမိန်းမ ၀င်သွားတဲ့ စင်ကြားကိုကြည့်တော့ ဘယ်သူမှ မရှိဘူး ။ တခြားဘက်တွေပါလိုက်ကြည့်တော့လည်း မရှိဘူး ။ ဒါနဲ့ "ငါ ပုဆိုး၀တ်နေတုန်းက အပြင်ထွက်သွားပြီနေမှာ"လို့တွေးပြီး တံခါးမကြီး သေချာပိတ်ဖို့ သွား တော့ 


"ဟင်" 


တံခါးမကြီးက အထဲကနေ ဂျက်ထိုးထားပြီးသား ။ ထိုးထားတာမှ အပေါ်၊အောက် ၂ခုလုံး ကို ထိုးပိတ်ထားတာ ။ အဲဒီအချိန်ကျမှ အောင်သူလည်း လန့်သွားတယ် ။ စိတ်ထဲမှာလည်းသိလိုက်တယ် "ငါတော့ ခြောက်တာခံလိုက်ရပြီ"ပေါ့ ။ ထင်ထင်ရှားရှားကြီးတွေ့လိုက်ရလို့ လူက ထူပူပြီး ယောင်အမ်းအမ်းနဲ့ အိပ်ခန်းဘက်ပြန်လှည့်လာတုန်း အနောက်ဘက်ကနေ "အဟင်း" ဆိုတဲ့ရယ်သံကြားလိုက်ရတယ် ။ အသံကြားတာနဲ့ ကြက်သီးဖျင်းခနဲထသွားတာမလို့ အောင်သူလည်း လန့်သွားပြီး နောက်လှည့်မကြည့်တော့ဘဲ အခန်းထဲဘဲ အမြန်ပြေးတော့တာ ။ 


နောက်တစ်ခါကကျတော့ ညဘက်ကြီး ... 


အောင်သူ အိပ်ပျော်နေတုန်း နားထဲမှာ အော်သံလိုလို ခပ်စူးစူးအသံကြားရလို့ လန့်နိုးလာတယ် ။ နိုးနိုးချင်းမှာတင်  မသိစိတ်ကသတိပေးနေသလို ဘာကိုလန့်လို့ လန့်မှန်းမသိ လန့်နေတုန်းမှာပဲ ကုတင်ဘေးက ပြတင်းပေါက်ကို "ဒေါက် ဒေါက်"ဆိုပြီး လာခေါက်တယ် ။ 


လူခြေတိတ်နေတဲ့အချိန် ရုတ်တရက်ကြီး အသံထွက်လာတာမလို့ အောင်သူလည်း ဆတ်ခနဲတုန်အောင် လန့်သွားတယ် ။ ( မနက်ဆို ပြတင်းပေါက်မှန်ကို ငှက်တွေ နှုတ်သီးနဲ့ လာခေါက်နေ ကျဆိုတော့) "ငှက် နေမှာ"လို့ပဲ တွေးလိုက်မိပေမယ့်  "ဒီအချိန်ကြီး ငှက် မဖြစ်နိုင်လောက်ဘူး"ဆိုတဲ့အတွေးက ချက်ချင်း၀င်လာတယ် ။ ဒါနဲ့ ကုတင်ပေါ်ကနေပဲ ပြတင်းပေါက်လိုက်ကာကို ဖယ်ပြီး ကြည့်မယ်အလုပ် 


"အမလေး" 


မှန်မှာမြင်နေရတာက ဆံပင်တွေအုပ်နေတဲ့ ခေါင်းကြီး နဲ့ မှန်ကို တစ်ချက်ချင်းတိုက်နေတာ 


အောင်သူလည်း လန့်ဖြပ်ပြီး လိုက်ကာပြန်ချလိုက်တယ် ။ ရင်ထဲ တဒိန်းဒိန်းနေအောင် လန့်နေတဲ့ကြားကနေ မယုံမရဲနဲ့ တွေးမိတာက "တစ်ယောက်ယောက်များ ငါ့လာစသလား"ဆိုပြီး  "အပြင် က ဘယ်သူလဲ ... ငါ မနက်ကျ ဘုန်းဘုန်းနဲ့ တိုင်ပြောမှာနော် "လို့ပြောတော့ အသံက ရပ်သွားတယ် ။ ပြီးမှ တဟီးဟီးရယ်ပြီး တခြားဘက်လျှောက်သွားသလို ခြေသံက တဖြည်းဖြည်း ဝေးသွားတာ ...  ဒီတော့မှ အောင်သူစိတ်သက်သာရာ ရသွာပြီး အကြောက်နည်းနည်းပြေသွားတယ် ။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ်သာဖြေနေတာ ... တကယ်ဆို အပေါ်ထပ်မိန်းကလေးအဆောင်ကလည်း ညဆို လှေကားက သံပန်းတံခါးကို သော့ခတ်ပိတ်တဲ့အပြင် တစ်ခန်းစီမှာ သီလရှင်ကြီး ၂ပါးစီ စောင့်အိပ်တာမလို့ တော်ရုံ ဒီအချိန်ကြီး အောက်ဆင်းလာဖို့ဆိုတာ လွယ်လည်းမလွယ်သလို ဖြစ်လည်းမဖြစ်နိုင်ဘူး ။ 


အောင်သူကတော့ သိပ်အမျာကြီးထပ်တွေးမနေဘဲ ဘုရားစာခပ်တိုးတိုးရွတ်ရင်းပဲ ပြန်အိပ်ပျော်သွားတယ် ။ 


အဲဒီနောက်ပိုင်းလည်း ခြေသံကြားတာ ၊ အရိပ်မြင်တာတွေ ရှိလာတော့ အောင်သူလည်း ဒီကိစ္စကို မေ့မေ့ပျောက်ပျောက်မနေနိုင်တော့တာမလို့ ဘုန်းကြီးကျောင်းဘက်က ကိုရင်လေးတွေကို မေးကြည့်တယ် ။ ကိုရင်လေးတွေကလည်း စာသင်တဲ့အချိန်ကလွဲ သုံးထပ်ဆောင်ဘက် မလာရဘူးဆိုတော့ ဒီဘက်မှာ သရဲခြောက် မခြောက် သိပ်ရေရေရာရာမသိဘူး ။ 


အဲလိုနဲ့တစ်ရက် 


ညနေပိုင်း စာကြည့်တိုက်ပိတ်ခါနီး ... ကာတွန်းစာအုပ်လာငှားတဲ့ ကိုရင်လေးနှစ်ပါးက  မပြန်သေးဘဲ စာကြည့်တိုက် က ပြတင်းပေါက်တွေ ကူပိတ်ပေးနေတာ ... အောင်သူက သော့ခတ်ရမယ့် မှန်ဘီရိုတွေသော့ခတ်နေပြီး ဒီဘက်ပြန်လှည့်တော့ 


အလယ်က စာဖတ်ခုံရှည်မှာ ကျောင်းစိမ်း၀မ်းဆက်နဲ့ မိန်းမတစ်ယောက်က အောင်သူ့ဘက် ကျောပေးပြီးထိုင်နေတယ် ။ ပုံစံကလည်း စာဖတ်နေသလို တံတောင်ထောက်ထားပြီး ခေါင်းကလည်း ခပ်ငုံ့ငုံ့ပဲ 


ဒါနဲ့ အောင်သူလည်း " အစ်မ ... စာကြည့်တိုက်ကပိတ်တော့မှာ ခင်ဗျ" လို့ ပြောလိုက်တယ် ။ အဲဒီမိန်းမက လှည့်မကြည့်ဘူး ။ ဒီတော့ ထပ်ပြီး " အစ်မ စာကြည့်တိုက်ပိတ်တော့မှာ ခင်ဗျ"လို့ပြောတော့ အဲဒီမိန်းမကတော့ လှည့်ကြည့်မလာဘူး ။ ကိုရင်လေး ၂ပါးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှ မျက်လုံးအပြူးသားနဲ့ 


"ဒကာကြီး ဘယ်သူ့ကိုပြောနေတာလဲ...ဘာတွေပြောနေတာလဲ"လို့ပြောတယ် 


အောင်သူလည်း အလယ်ခုံကို မေးငေါ့ပြပြီး လေသံလေးနဲ့ပဲ


"အဲဒီမှာလေ ပိတ်ခါနီးမှ ရောက်လာလို့" လို့ပြောတော့ ကိုရင်တွေက 


"ဘယ်သူမှလည်းမရှိဘဲနဲ့ ...ဒကာကြီး နောက်နေတာလား"လို့ မယုံမရဲပြန်မေးတယ် ။ 


အဲဒီအချိန် အောင်သူပြတဲ့ အလယ်ခုံက ထိုင်ခုံတစ်ခုံက နောက်ကို "ဒုန်း"ခနဲ လန်ကျသွားတော့ ကိုရင်လေး ၂ပါး ခမျာ ဘာမှတောင် မပြောနိုင်တော့ဘူး ။ ပြတင်းပေါက်တွေဖွင့်ပြီး ဆင်းပြေးကြတော့တာပဲ ။ 


အောင်သူလည်း အံ့သြပြီး အဲဒီမိန်းမကိုကြည့်တော့ ... ကျောင်းစိမ်းနဲ့အမျိုးသမီးက ရယ်နေသလို တလှုပ်လှုပ်နဲ့ ထရပ်ပြီး စာကြည့်တိုက်ထဲကထွက်သွားတယ် ။ 


အောင်သူကတော့ ပါးစပ်အဟောင်းသားနဲ့ပဲ ... ဘာလို့လဲဆိုတော့ အမျိုးသမီးထွက်သွားပုံက လမ်းလျှောက်သွားတာမျိုး မဟုတ်ဘဲ တရွေ့ရွေ့ထွက်သွားသလိုကြီး ... ဒါပေမယ့် အောင်သူ့စိတ်ထဲ အမြင်မှားတာများလားဆိုပြီး နောက်ကနေလိုက်ကြည့်မိတော့ စင်္ကြန်မှာ တရွေ့ရွေ့သွားနေတဲ့ အဲဒီမိန်းမက ခြေထောက်နဲ့ မြေကြီးနဲ့ မထိဘူး ။ 


အဲဒီကျမှ အောင်သူလည်း စာကြည့်တိုက်တံခါးကို မြန်မြန်ပိတ်ပြီး အထဲပြန်ပြေးတယ် ။ 


အဲဒီရက်နောက်ပိုင်း သိသိသာသာ ထပ်ကြုံရတာတစ်ခုက 


တစ်ညနေ ... စာကြည့်တိုက်ပိတ်ခါနီး အချိန်က မိုးအုံ့လို့ မှောင်လည်း မှောင်နေသလို ရာသီဥတုကလည်း မှုန်မှိုင်းမှိုင်းကြီး ။ ဒါနဲ့ အောင်သူ ပြတင်းပေါက်တွေ ပိတ်ထားပြီး နေရာမှာပြန်ထိုင်ပြီး သိပ်မကြာဘူး စာအုပ်စင်တွေဘက်မှာ လူပြေးသလိုခြေသံတဘုန်းဘုန်းထွက်လာပြီး စာအုပ်တွေ ဝုန်းခနဲပြုတ်ကျတယ် ။ ပြီးတော့ ခြေသံက တံခါးမကြီးဘက် ရောက်သွားပြီး ၊ တံခါးချပ်တွေက ဆောင့်ပိတ်ခံလိုက်ရသလို ဝုန်းခနဲ ပိတ်သွားတယ် ။ 


လျှပ်တပြတ်အတွင်း ဖြစ်သွားတာမလို့ အောင်သူ ခဏတော့ကြောင်သွားသေးတယ် ။ ပြီးတော့ ကြောက်နေဖို့ အချိန်မရှိသေးဘဲ စာအုပ် တွေ ပြေးကောက်ရတယ် ။ တော်ကြာ ဘုန်းဘုန်း လာတာနဲ့တိုးလို့ ဒီလို ပွစာကြဲနေတာမြင်သွားရင် အဆူခံရမှာကိုး ။


ဒါနဲ့ စာအုပ်အမြန်ကောက်နေတုန်း ... အသံတစ်ခုခုကြားလိုက်လို့ အသံလာတဲ့ဘက်ကို လှမ်းကြည့်လိုက်တော့ 


"ဟာ" 


အောင်သူထိုင်နေကျ စားပွဲအောက်ကနေ အိပ်ခန်းဘက်ကို လေးဖက်ကုန်းကြီး၀င်သွားတာ ။ မြန်လွန်းလို့ သေချာတောင်မမြင်လိုက်ဘူး ။ ဆံပင်ဝဲဝဲကြီးပဲ မြင်လိုက်တာ .. ဒါနဲ့ အောင်သူလည်း တော်တော်ကြောက်လာတယ် ။ အသံပေး ၊ အရိပ်ပြရုံဆို မသိသလို နေလို့ရပေမယ့် ဒီလိုမျိုးကျတော့ အောင်သူလည်းကြောက်တယ် ။


ဒါနဲ့ အဲဒီညက "နေသိပ်မကောင်းလို့ ကိုရင်လေးတစ်ပါး အဖော်ခေါ်ထားချင်လို့ပါ"လို့ ဘုန်းဘုန်းဆီ ခွင့်တောင်းပြီး ကိုရင်တစ်ပါးကို ခေါ်လာတယ် ။ ကိုရင်လေးကလည်း ကြည်ကြည်ဖြူဖြူပဲလိုက်လာပေးတယ် ။ 


အဲလိုနဲ့ ည ၁၀ နာရီခွဲလောက် ကျတော့ နှစ်ယောက်သား စာအုပ်ကိုယ်စီနဲ့ ငြိမ့်နေကြတုန်း ကုတင်အောက်ကနေ အသံထွက်လာတယ် ။ အသံက ကြွက်သံလိုမျိုး တပြွတ်ပြွတ်နဲ့ ကိုမှ နှစ်ချက် ချင်းစီထွက်နေတာ ။


အောင်သူကတော့ စာအုပ်ထဲစျာန်၀င်စား နေတော့ အမှုမဲ့ ၊ အမှတ်မဲ့ပဲ နေလိုက်မိတယ် ။ ကိုရင်လေးကကျ 


"ကြွက်ရှိတာလား ဒကာကြီး... ကြွက်ရှိရင် စာအုပ်တွေနဲ့ဆိုမဖြစ်ဘူး "


 လို့ပြောပြီး တုတ်တစ်ချောင်းကိုင်ပြီး ကုတင်အောက်ကုန်းကြည့်တာ 


ပြီးတော့ ပြန်ထလာပြီး လေသံတိုးတိုးနဲ့ 


"ဒကာကြီး ကိုရင် ကျောင်းဘက်ပြန်တော့မယ်"


ရုတ်တရက်ကြီး ပြန်မယ်ဆိုတော့ အောင်သူလည်း လက်ထဲကစာအုပ်ချပြီး 


"ဘာလို့လဲ ကိုယ်တော်... ဒီမှာ ကျိန်းမယ်ဆို" 


"မဟုတ်ဘူး..ဟို..မနက်ဖြန် ပြရမယ့် အိမ်စာလုပ်ဖို့မေ့နေလို့..ပြန်မှဖြစ်မှာ " 


ကိုရင်လေးမျက်မှာက တကယ်ကို မအီမသာဖြစ်နေတော့ အောင်သူလည်း သူများအခက်တွေ့မလုပ်ချင်တာနဲ့ ပြန်ခိုင်းလိုက်တယ် 


ကိုရင်လေးက မသွားခင် စိတ်မချသလိုနဲ့


"ဒကာလေးရော လိုက်ဦးမလား..တစ် ယောက် တည်း ဖြစ်ရဲ့လား" လို့ မေးသေးတယ် 


အောင်သူက မလိုက်တော့ဘူးဆိုမှ ခပ်သုတ်သုတ်ပြန်သွားတယ် ။ 


အဲဒီညကတော့ အောင်သူက ဘာမှမဖြစ်လိုက်ဘူး ... မနက်ကျတော့ မှ သိရတာက 


ညကလာအိပ်ပေးတဲ့ ကိုရင်လေးက အပြင်းကိုဖျားနေတာ...ဒါနဲ့ အောင်သူ သတင်းသွားမေးတော့ 


ကိုရင်လေးပြောတာက 


"ညက ကြွက်ကြည့်ဖို့ ကုတင်အောက်ငုံ့တော့ ကြွက်မတွေ့ဘဲ သရဲတွေ့တာ ဒကာကြီး...ကုတင်အောက်မှာ ကွေးကွေးကြီး ... မျက်လုံးကြီးကို ရဲလို့"တဲ့ 


ကိုရင်လေးက သိပ်ကျယ်ကျယ်တောင်မပြောရဲဘူး...ဘုန်းဘုန်းပြန်ကြားရင် "မဟုတ်တာတွေ လျှောက်ပြောတယ်"ဆိုပြီး အဆူခံရမှာစိုးလို့ လို့ပြောတယ် ...ကိုရင်လေးခမျာလည်း ညကတည်းက လန့်ပြီး ဖျားသွားတာတဲ့ 


အောင်သူလည်း ကိုရင်လေးစကားကြားပြီး ခြေဖျားလက်ဖျားတွေတောင် အေးသွားတယ် ... ကုတင်အောက်မှာ သရဲနဲ့ တစ်ညလုံး အတူတူရှိနေရတဲ့အဖြစ်ကိုတွေးမိပြီး ကျောတောင်ချမ်းတယ် ။ 


အဲဒီနေ့က တစ်နေ့လုံး စိတ်နဲ့လူနဲ့လည်း မကပ်ဘူး ... စာအုပ် အသိမ်း ၊ အမှတ်တွေလုပ်ရင်းနဲ့လည်း တော်ရုံအသံကျယ်ကျယ်လေးကြားရင်တောင် လူကလန့်နေတာ...စာကြည့်တိုက်ထဲ ဘယ်သူမှမရှိဘဲ တစ်ယောက်တည်းဖြစ်သွားတဲ့အချိန်မျိုးဆို စိတ်က' ဘယ်နေရာကနေများ ဘာကြီးထွက်လာမှာလဲ'လို့တွေးမိပြီး ခြောက်ခြားနေတာ 


အဲလိုနဲ့ တကယ့်အချိန်ရောက်လာတယ် 


အဲဒီညက ကြောက်စိတ်ကြောင့် အောင်သူ တော်တော်နဲ့အိပ်မပျော်ဘူး ... အိပ်မပျော်သေးတော့ စိတ်လေးနည်းနည်းငြိမ်အောင် ဘုရားစာအုပ်ကိုင်ပြီး ဘုရားစာတွေ တစ်ခုပြီးတစ်ခု တောက်လျှောက်ရွတ်နေတာ 


ရွတ်ရင်း တော်တော်ညဉ့်နက်မှ မျက်လုံးတွေလေးလာပြီး တဖြည်းဖြည်း အိပ်ပျော်သွားတယ် 


ဘယ်လောက်ကြာကြာ အိပ်လိုက်ရတယ်တော့မသိဘူ ... နားထဲ တဒုန်းဒုန်းအသံအကျယ်ကြီး ကြားမှ လူကမနိုးချင်နိုးချင်နဲ့ နိုးလာတယ် ။ 


နိုးနိုးချင်း မျက်လုံးဖွင့်ကြည့်တော့ အခန်း မီးကလည်း မငြိမ်ဘဲ တဖျပ်ဖျပ် ဖြစ်နေတာ ... ဒီတော့ မျက်လုံးတွေပြာပြီး တော်တော်နဲ့ကြည့်လို့မရဘူး ။ 


ဒါနဲ့ ထထိုင်ပြီး မျက်လုံးတွေပွတ်ပြီးမှ ပြန်ဖွင့်တော့ မီးက ငြိမ်တော့ငြိမ်သွားပေမယ့် မီးချောင်းထဲမှာ လှိုင်းတွေပြေးနေသလိုဖြစ်ပြီး အလင်းအားက နည်းသွားတယ် ။ 


အဲ့ဒီကျမှ မျက်လံးကကြည့်ရတာအဆင်ပြေသွားပြီး အသံ တဒုန်းဒုန်းထွက်နေတဲ့ဘက် မော့ကြည့်တော့ 


"ဟင်...ဟာဗျာ" 


အောင်သူ့မျက်လုံးတွေ ဝိုင်းစက်ပြီး ပြူးကျယ်သွားတယ် ... ရုတ်တရက် လိပ်ပြာတောင် ခဏလေးလွင့်သွားသလိုပဲ 


မြင်လိုက်ရတာက 


အခန်းထဲက နံရံ (စာကြည့်တိုက်နဲ့ အခန်းကြားကာထားတဲ့ ငါးထပ်ပြား) မှာ စောင်းစောင်းကြီး တွယ်ကပ်နေပြီး နံရံကို လက်သီးနဲ့ တဒုန်းဒုန်းထုနေတာ ... ကျောင်းစိမ်း(အဖြူအစိမ်း)၀မ်းဆက်ကြီးနဲ့ပဲ ... ညာဘက် နဖူးထောင့်ကနေ မျက်လုံးနားထိ ချိုင့်ခွက်ကြီး ... မျက်လုံးကလည်း မျက်သားရဲရဲထိန်ထိန်နဲ့ကိုမှ မျက်နှာကလည်း ဒေါသထွက်နေသလို မျိုး 


"ငါ့ နေရာလည်း လာနေသေး.. အကောင်က ငါနေမရအောင် သောက်ကျင့်က ယုတ်သေး...သွား အခု ထွက်သွား " 


ပီပီသသကြီးကို ကြားရတာနော်...အသံက ဘယ်လိုအသံမှန်း ခွဲခြားမပြောတတ်ပေမယ့် လုံးဝကြောက်စရာကြီး 


အောင်သူလည်း အရမ်းကိုကြောက်သွားတာနဲ့ မျက်လုံးစုံမှိတ် လက်အုပ်ကြီးချီပြီး ဘုမသိ ၊ ဘမသိ နဲ့ "တောင်းပန်ပါတယ် .. ဘာမှမလုပ်ပါနဲ့ "လို့ တတွတ်တွတ်ပြောမိတာ 


နည်းနည်းကြာတော့ ဘာမှအသံမကြားရတော့တာနဲ့ အရဲစွန့်ပြီး မျက်လုံးဖွင့်ကြည့်တော့ ... ကုတင်ဘေးက စက္ကူဂျပ်ပုံးပေါ်မှာ ကျောပေးလျက်သား ကုန်းကုန်းကြီးထိုင်နေတာ 


အောင်သူ အသံမထွက်နိုင်ဘဲ ကြောင်စီစီကြီး ကြည့်နေတုန်း ... နံရံကြီးကို တဘုန်းဘုန်း ပုတ်ပြီး "သွား...သွား"နဲ့ အော်တာ 


အောင်သူလည်း ဘာမှစဉ်းစားမနေတော့ဘဲ ထပြေးတော့တာ...စင်္ကြန်ဘက်ဘယ်လိုရောက်သွားမှန်းတောင်မသိဘူး ... ဘုန်းကြီးကျောင်းဘက် သွားဖို့ကြံတော့လည်း ၀န်းနှစ်၀န်းကြား တံခါးက ည ၁၁ နောက်ပိုင်းဆို ပိတ်တာ ... အပေါ်ထပ်မှာလည်း မိန်းကလေးတွေပဲရှိတာဆိုတော့ တက်လို့မရပြန်ဘူး 


ဒါနဲ့ အောင်သူလည်း မထူးဘူးဆိုပြီး အုတ်နံရံကျော်တက်ပြီး ဘုန်းကြီးကျောင်းဘက်ကူးတယ် ။ ပြီးတော့ ဘုရားခန်းရှေ့ ငုတ်တုတ်ထိုင်ပြီး ဘုရားရှိခိုးနေလိုက်တယ် ။ 


ဘာသံကြားကြား မျက်လုံးဖွင့်မကြည့်ရဲတော့ဘူး ... မနက် ၄နာရီကျတော့ တချို့ ဦးပဉ္ဇင်းတွေ နိုးလာကြပြီမလို့ အောင်သူ့ကို မြင်တော့ အံ့သြနေကြတာ ... အောင်သူလည်း မအောင့်ထားနိုင်တော့ဘဲ အကျိုးအကြောင်းပြောပြလိုက်တယ် ။ 


အဲလိုနဲ့ ဘုန်းဘုန်းကြီးသိသွားတော့ အောင်သူ့ကို စာကြည့်တိုက်မှာ နေ့ဘက်ပဲစောင့်ခိုင်းတော့တယ် ။ ညဆို ကျောင်းဘက်မှာ ကိုရင်ျလးတွေနဲ့အိပ်ခိုင်းတယ် ။ 


သရဲခြောက်ရတဲ့အကြောင်းအရင်းကို ဘယ်သူမှမသိဘူး ... ဒီကျောင်းမှာ ဘယ်ဆရာမ ဘယ်ကျောင်းသူမှလဲ မသေဖူးဘူးပေါ့ 


အဲလိုနဲ့ ရက်တော်တော်ကြာတော့ ကျောင်းကို အန်တီကြီး နှစ်ယောက်ရောက်လာတယ် ။ အဲ့ကျမှ ကိစ္စတွေဆက်စပ်မိသွားတာ 


အန်တီကြီးနှစ်ယောက်က (အောင်သူ့အရင် စာကြည့်တိုက်မှာ ရက်ပိုင်းလာနေသွားတဲ့) ဆရာမ ရဲ့ အမေ နဲ့ အဒေါ် 


အဲဒီဆရာမက ဒီမှာ အလုပ်ရပြီဖြစ်ကြောင်း အိမ်ကိုပြန်အသိပေးဖို့နဲ့ လိုတဲ့ပစ္စည်းတွေ ယူဖို့ ရွာအပြန် ... စီးသွားတဲ့ လိုင်းကားမှောက်ပြီး ဆရာမလည်း ပွဲချင်းပြီးဆုံးတယ်


မိသားစုတွေကလည်း နာရေးနဲ့ ပူဆွေးနေရတော့ ဘုန်းဘုန်းဆီ အကျိုးအကြောင်းပြောဖို့ သတိမရကြဘူး ... အခုက (ဆရာမ ရဲ့)အမေဖြစ်သူကို ခဏ ခဏအိပ်မက်ပေးလာတာ ...' စာကြည့်တိုက်က အထုပ်ကို သွားယူပေးပါ 'ဆိုပြီး အိပ်မက်လာပေးတာ ၂ခါ ၃ခါ မကတော့လို့ လိပ်စာစုံစမ်းပြီး ရောက်လာရတာပါ လို့ပြောတယ် 


ဒီတော့မှ အောင်သူလည်း ရောက်ခါစ ကုတင်အောက်မှာတွေ့တဲ့အထုပ်ကို သတိရပြီး ယူပေးလိုက်တယ် ... အန်တီကြီးတို့ သော့ဖျက်ပြီး ဖွင့်ကြည့်တော့ အထဲမှာရှိနေတာက ကျောင်းစိမ်း၀တ်စုံတွေနဲ့ တဘက်ကလေးတွေ ... အန်တီကြီးဆို အင်္ကျီလေးတွေကိုင်ပြီး ယူကြုံးမရ ငိုရှာတာ 


အထုပ်ပြန်ယူသွားပြီး ဘယ်လိုလုပ်လိုက်တယ်တော့မသိပေမယ့် အဲဒီနောက်ပိုင်း စာကြည့်တိုက်မှာ လျှောက်ပြန်သံပေးခြောက်တာမျိုးမရှိတော့ဘူး ... ဘုန်းဘုန်း လာပြီး ရွတ်ဖတ်ပေးတာလည်းပါမှာပေါ့ ...


အိတ်မှာစိတ်စွဲနေတဲ့ ဆရာမလေးလည်း ကောင်းရာမွန်ရာရောက်သွားပြီ ထင်ပါရဲ့ 


ဒါပေမယ့်လည်း အာင်သူကတော့ အဲဒီအခန်းမှာ ပြန်မနေဖြစ်တော့ဘူး..နေရဲတဲ့သတ္တိမျိုးလည်းမရှိဘူး 


အောင်သူ ဒုတိယနှစ်အထိ အဲဒီစာကြည့်တိုက်မှာပဲ လုပ်လာတဲ့တစ်လျှောက်တော့ နောက်ထပ် ထပ်မကြုံရတော့ဘူးတဲ့ 


ကဲ ...ဒီညတော့ ဒီလောက်ပဲနော် 


ကျေနပ်လိုက်ကြပါဦးရှင် 


ကုတင်အောက်လည်း ယောင်ပြီးငုံ့ကြည့်မနေကြနဲ့ဦး..ဆခြထောက်လှမ်းဆွဲနေမှ 👻👻 


Don't forget to like , share and support "The Midnight Diary".🖤


GN,my owls 

October13,2021

Myra

No comments:

Post a Comment

Back to Top

MMDW ရဲ့ ပင်မတင်ဆက်မှု တစ်ခုဖြစ်သည်